
၂၀. ၂. ၂၀၂၄
Written By Thandar
ပရိသတ် ချစ်ခင်အားပေးမှု များစွာရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်ကတော့ လွန်ခဲ့တဲ့ ၈ နှစ်ကကွယ်လွန်ခဲ့တဲ့ ခင်ပွန်းအတွက် “Whisper To You” အင်္ဂလိပ်သီချင်းလေးကို ကဗျာဆန်ဆန် စိတ်ကူးယဥ်ဆန်ဆန် လွမ်းစရာ ချစ်စရာ သတိရစရာလေးပုံဖော်ထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်ရဲ့ အိမ်ထောင်ဖက်ဆုံးသွားတာ ၈ နှစ်ပြည့်မယ့် လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာ သူ့အတွက် ရေးဖွဲ့ထားတာပါ။ သူ ရုတ်တရက်ဆုံးပြီးနောက်ပိုင်း ကျွန်တော် သူ့ကိုသတိရတိုင်း ကောင်းကင်ကို ကြည့်ပြီး ရင်ထဲက စကားတွေကို သူ့ဆီရည်ရွယ်ပြီး အကြိမ်ပေါင်းများစွာ တိုးတိုးလေး ပြောနေခဲ့တယ်။ သူ့အတွက် ဆုတောင်းလေးတွေအမြဲပို့နေခဲ့တယ်။ သူ့ပုံကိုကြည့်ပြီး စကားတွေ တစ်ယောက်ထဲ ပြောခဲ့တဲ့ အကြိမ်တွေလည်း အများကြီးပဲ။ အဲ့ဒါကိုအခြေခံပြီး ဒီသီချင်းလေးရေးဖို့ ဖြစ်လာခဲ့တာပါ”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
အဆိုပါ တေးသီချင်းက တတိယမြောက် အင်္ဂလိပ်သီချင်း “Whisper To You” Single Song ကို ကိုမောင်မောင်ပြည့်စုံက တီးခတ်ပေးထားပြီးတော့ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာ international streaming platforms တွေက ဖြန့်ချိမှာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ Chad Cunningham & ဥက္ကာမင်းမောင်တို့ နှစ်ယောက်ကတော့ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က နှစ်ယောက်သား ရွှေလက်တွဲခဲ့တာလည်း ဖြစ်ပါတယ်။

“သူ့အတွက် ရေးထားတယ်ဆိုပေမယ့် နားဆင်သူများအနေနဲ့ ကိုယ်ချစ်တဲ့ ခင်ပွန်း၊ ဇနီး၊ မိဘ၊ သားသမီး၊ မောင်နှမ၊ ချစ်သူ၊ သူငယ်ချင်းတွေကို ဆုံးရှုံးဖူးတဲ့သူတိုင်း ဒီသီချင်းလေးကိုခံစားနားဆင်လို့ရမှာပါ။ သီချင်းအဓိပ္ပါယ်ကို ကဗျာဆန်ဆန် စိတ်ကူးယဥ်ဆန်ဆန် လွမ်းစရာ ချစ်စရာ သတိရစရာလေးအနေနဲ့ ရေးထားတဲ့အတွက် ချစ်တဲ့သူတွေ ဆုံးရှုံးဖူးသူတိုင်းခံစားလို့ရမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် တစ်သက်လုံး သေတဲ့အထိ အဆုံးအစမရှိချစ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ချင်တာလည်း ပါပါတယ်။ ဒီသီချင်းဟာ ကြေငြာထားပြီး မထွက်ရှိရသေးတဲ့ ပထမဆုံးလုံးချင်းဝတ္ထု စာအုပ် “166 Days With You” ရဲ့ theme songs ၈ ပုဒ်ထဲ က ၁ ပုဒ်လဲဖြစ်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
ဥက္ကာမင်းမောင်ကတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့အမှတ်တရ အနေနဲ့ “Long Long Ago” သီချင်းသစ်ထွက်ရှိထားပြီး မကြာခင် ရက်ပိုင်းကလည်း Gay Club မှာ Gay အယောက်ပေါင်း ၅၀၀၀ ကျော်ပါဝင်တဲ့ အပျော်စီးသင်္ဘောကြီးကို စီးပြီး နိုင်ငံပေါင်းများစွာ လှည့်ပတ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဥက္ကာမင်းမောင်က ဧပြီလ ၁၆ ရက်ကလည်း အဆိုတော် L ဆိုင်းဇီရဲ့ “လှည့်ကြည့်ပါဦး” သီချင်းတစ်ပုဒ်လုံး Lyric Video ကို ပရိသတ်အတွက် တင်ပေးထားတာလည်း ဖြစ်ပါတယ်။ English သီချင်းတွေနဲ့ အမိုက်စား Music Video တွေလည်း ဆက်လက် ထွက်လာဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
သူဟာ သီချင်းတွေနဲ့အတူ အနုပညာလောကကို တစ်ကျော့ပြန် ပြန်လာပြီး မကြာခင် သီချင်းသစ်တွေ၊ ဝတ္ထုစာအုပ်၊ ရုပ်ရှင်၊ New album “Burmese Unokkarn”, Music Video တွေနဲ့ တခြား အနုပညာဖန်တီးမှုတွေကို ဖြေးဖြေးချင်း ပရိတ်သတ်ရှေ့ပြန်လည်ရောက်ရှိလာဖို့ အရင်ကထက်ပိုပြီး အဆပေါင်းများစွာ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
