၂၀. ၂. ၂၀၂၄
Written by Nay Moe
ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်သူအားလုံး အသက် ၁၈ ကနေ ၄၅ အတွင်းရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုအကုန် ၆ နှစ်ကြာစစ်မှုထမ်းရမယ်လို့ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) က မနေ့ကရက်စွဲနဲ့ ရှမ်းလိုရေးသားထုတ်ပြန်ပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီး ၄၅ နှစ်မကျော်သေးတဲ့သူတိုင်းဟာ ကျားမ မရွေး ၆ နှစ်တာ စစ်မှုထမ်းရမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းတက်ရောက်ပြီးမြောက်ထားရင် စာသင်ကြားပို့ချတာနဲ့ ရုံးလုပ်ငန်း ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်မှုလက်မှု ကျွမ်းကျင်သူတွေက လျှပ်စစ်၊ ယာဉ် အမျိုးမျိုး ပြုပြင်တာ၊ တီထွင်တာ ပြုလုပ်ရမှာဖြစ်ပြီး IT(နည်းပညာ) ပိုင်းကျွမ်းကျင်တတ်မြောက်ရင် ဒရုန်းတပ်ဖွဲ့၊ IT ဌာန ၊ Website ပိုင်းတွေမှာ တာဝန်ထမ်းဆောင်ရမှာလို့လည်း ဆိုပါတယ်။
သမိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြည်နယ်တွင်း သမိုင်းကြောင်းကို ပြုစုရမှာဖြစ်ပြီး စည်းရုံးရေးအားသာသူက ပြည်နယ်တွင်း စုဆောင်းစည်းရုံးရေးတွေပြုလုပ်ရမယ်ပြောပါတယ်။
ဒီလို အချက်တွေအပြင် ရှမ်းပြည်သူတွေက ရပ်ရွာလူကြီးခွင့်ပြုချက်မရှိ၊ အသိမပေးဘဲ ထိုင်း ၊ တရုတ် ၊ လာအို စတဲ့နိုင်ငံတွေဆီ အလုပ်သွားလုပ်ရင် အိမ်ခြံမြေ ၊ လယ်ယာအခင်းတွေကို ပစ်ထားပြီး ရပ်ရွာအကျိုးသယ်ပိုးထမ်းရွက်မှုမရှိရင် အဲဒါတွေအကုန်သိမ်းမယ်လို့လည်း RCSS/SSA က ခြိမ်းခြောက်ထားသလို လယ်ယာအခင်းတွေ အခြားဒေသ ရောင်းချမယ်ဆို ဒေသတွင်းသက်ဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့စည်းရဲ့ ခွင့်ပြုချက် ပါရှိရမှာဖြစ်ပြီး ၃ နှစ်ဆက်တိုက် လှပ်ထားရင် သိမ်းယူမယ်လို့လည်း RCSS/SSA က ပြောပါတယ်။