MT News
Written by Min Mahar
မန္တလေး မဟာအောင်မြေမြို့နယ်ရှိ သံလျက်မှော် အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ထည့်ဖောက်ခွဲခံရကာ အုပ်ချုပ်ရေးအပါအဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ ၈၇ လမ်းပေါ်ရှိ သံလျက်မှော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး(အသစ်) အား ဒီဇင်ဘာ ၃ ရက် ယနေ့ နေ့လည် ၁ နာရီခန့်က CZI အနက်ရောင်ဆိုင်ကယ်ဖြင့် အမျိုးသားလူငယ် ၂ ဦးရောက်လာကာ ရုံးအတွင်းသို့ လက်လုပ်ဗုံးတစ်လုံး ပစ်ထည့်ဖောက်ခွဲသွားခဲ့ကြောင်း သိရသည်။
“သံလျက်မှော်အရှေ့ရပ်ကွက်ရုံးကို နေ့လည် ၁ နာရီထိုးခါနီးလောက်က ဗုံးနဲ့ပစ်ပေါက်ခံရတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်တာ။ အုပ်ချုပ်ရေးမှူးနဲ့ ရုံးအကူတစ်ယောက်ပါထိသွားပြီး ဒဏ်ရာရတယ်ကြားတယ်။ အုပ်မှူးတော့မစိုးရိမ်ရဘူး။ ရုံးအကူတော့ တော်တော်ထိသွားလို့ အသက်ပါစိုးရိမ်ရတယ်လို့ ပြောနေကြတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အသက် (၄၇) နှစ်ခန့်ရှိသည့် အုပ်ချုပ်ရေးမှုး ဦးဆန်းဝင်းသည် ယာဘက်နံပေါက်ပြဲဒါဏ်ယာ(မစိုးရိမ်ရ)နှင့် အသက်(၅၅)နှစ် အရွယ်ရုံးအကူ ဦးစိုးမင်းမှာ ယာနံပေါက်ပြဲ ဒဏ်ရာများရရှိခဲ့မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရကာ ၎င်းတို့ ၂ ဦးကို လူမှုကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“CZI အနက်ရောင်ဆိုင်ကယ်တစ်စီးနဲ့ လူငယ်၂ ယောက်ရောက်လာပြီး ရုံးရှေ့က သံတခါး ဆွဲဖွင့်ပြီး ရုံးထဲကို လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ထွက်ပြေးသွားကြတယ်” ဟုရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။