၂၀. ၂. ၂၀၂၄
translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်ရေးကိုယ်တာအသုံးပြုရန်အတွက် ရုရှားနိုင်ငံထုတ်ကားတစ်စီးကို လက်ဆောင်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံပိုင် KCNA သတင်းဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော်ပြခဲ့ရာ ရုရှားအစိုးရနှင့် မြောက်ကိုရီးယားအစိုးရအကြား ဆက်ဆံရေးများပိုမိုနက်ရှိုင်းလာမှုကို ဖော်ပြခဲ့ခြင်းဟု သုံးသပ်ကြသည်။
အဆိုပါ လက်ဆောင်ပေးသောကားအား ကင်ဂျုံအန်း၏ညီမ ကင်ယိုဂျုံနှင့် အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဂျုံချွန်တို့ကဖေဖော်ဝါရီ ၁၈ ရက်တွင် လက်ခံရယူခဲ့ကြသည်ဟုလည်းသိရသည်။ သို့သော် မည်သည့်နေရာတွင် လက်ဆောင်ကားကို လက်ခံရယူသည်ဆိုသည်ကိုမူ သတင်းက ဖော်ပြခြင်းမရှိပေ။
ကင်ဂျုံအန်းက ပြီးခဲ့သည့်စက်တင်ဘာလတွင် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် Aurus ဇိမ်ခံစီးကားတစ်စီးကို အနောက်ဘက်ခရီးသည်ထိုင်ခုံ၌ ထိုင်လျက် စစ်ဆေးကြည့်ရှုနေသည်ကို Tass သတင်းဌာနက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအရ မြောက်ကိုရီးယား၏ ဒုံးပျံနှင့် နျူကလီယားအစီအစဉ်များကြောင့် မြောက်ကိုရီးယားသို့ မော်တော်ကားများအပါအဝင် ဇိမ်ခံပစ္စည်းများတင်ပို့မှုကို ပိတ်ပင်မှုပြုထားသည်။
ကင်ယိုဂျုံက ၎င်း၏အစ်ကိုက သမ္မတပူတင်အား လက်ဆောင်မော်တော်ကားအတွက် ကျေးဇူးတင်ကြောင်း ပြောကြားမှုကိုတစ်ဆင့်ပေးပို့ခဲ့ပြီး အဆိုပါလက်ဆောင်က နှစ်ဖက်ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးအရဆက်သွယ်ရင်းနှီးမှု အထူးကောင်းမွန်သည်ကို ဖော်ပြခြင်းဟုလည်း ပြောခဲ့သည်။
ရုရှားနှင့် ယူကရိန်းကြား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ပွဲစတင်ဖြစ်ပွားသည်မှစ၍ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံ အစိုးရများအကြားတွင်လည်း ဆက်ဆံရေးများ တိုးတက်လာခဲ့သည်။ မြောက်ကိုရီးယားအစိုးရက ယူကရိန်းစစ်ပွဲတွင်အသုံးပြုရန်အတွက် ရုရှားနိုင်ငံသို့ စစ်ပစ္စည်းကိရိယာများနှင့် ခဲယမ်းများပေးပို့ခဲ့သည်ဟု အမေရိကန်အစိုးရက ပြောခဲ့သည်။
Ref-Bangkok Post