၂၀. ၂. ၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးတွင် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီခန့်က တွဲကားတစ်စီးက တစ်ဖက်ယာဥ်ကြောရှိ မြေသယ်ကားနှင့် စက်ဘီးကို ဝင်တိုက်ရာမှ တစ်ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ယာဥ်မောင်း ကိုညီညီဇော်(၂၆)နှစ်မောင်းသော MAN တွဲကား အမဲရောင်သည် တိုးဂိတ်မှ ဒဂုံတောင် စက်မှုဇုန်ဘက်သို့ အမှတ်(၂)လမ်းအတိုင်း မောင်းနှင်လာစဥ် စတီယာရင်တိုင်လော့ခ်ကျပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရှိ မလွှကုန်းမှ ဒါးပိန်သို့ပြန်ရန် မောင်းနှင်လာသော အနီရောင် FORLAND မြေသယ်ယာဥ်နှင့် ဘထ္ထရီစက်ဘီးစီးနင်းလာသော ကိုအောင်ခိုင်(၂၆)နှစ် မဇွန်ပွင့်ဖြူ ၁၉နှစ် တို့ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဥ်တိုက်မှုကြောင့် တွဲကားယာဥ်မောင်း ကိုညီညီဇော်မှာ ခေါင်းခန်းတွင် ညပ်နေပြီး သေဆုံးခဲ့ကြောင်း၊ စက်ဘီးစီးလာသော ကိုအောင်ခိုင်တွင် နံရိုးနှင့် ပေါင်ကျိုးဒဏ်ရာများ ရရှိခဲ့ပြီး (မစိုးရိမ်ရ) မဇွန်ပွင့်ဖြူမှာ ဦးခေါင်းဒဏ်ရာရ (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားထဲမှာညပ်နေတဲ့ အမျိုးသားကို အချိန် ၃ နာရီကျော်လောက် ကြာအောင် ကယ်ထုတ်ခဲ့ရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
ဒဏ်ရာရသူ နှစ်ဦးနှင့် သေဆုံးသူ တွဲကားယာဥ်မောင်းကို မေတ္တာစွမ်းရည် သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဥ်တိုက်မှု ဖြစ်စဥ်နှင့် ပတ်သက်၍ ကယ်ဆယ်ရေးယာဥ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် ၁၀ ဦးဖြင့် ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။