၂၀. ၂. ၂၀၂၄
Written by Thettant
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် လားရှိုး-မန္တလေးသွား AD VAN ခရီးသည်တင် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာ တင်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၄၇ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် တရားခံများကို ဆက်လက်စုံစမ်းဖော်ထုတ်ရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများကို လားရှိုးမှ မြစ်ကြီးနားသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် ပြည့်ဖြိုးအောင်(ခ)ဆိုင်လျန်း အား မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာအဝေးပြေးကားဝင်းတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဇာနည်မျိုးနိုင်(ခ)ဇာနည် အား မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၂၁၀ ဂရမ်၊ LEXUS မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း အသီးသီးဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားခံနှစ်ဦးကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များအား ရှမ်းပြည်နယ်မှ မန္တလေး၊ ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ လူမဲ့တန်ဆာဖြင့် သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ရောင်းချခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။