MT News
Written by Thettant
မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ကနဦးစီမံကိန်းနယ်မြေ ၄ ခုတွင် စတင်လုပ်ဆောင်နေကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် အာရှနှင့်ပစိဖိတ်ဒေသ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန်း မဟာဗျူဟာ (၂၀၁၃-၂၀၃၃) နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင် အထည်ဖော်လျက်ရှိသည်။
အင်ချွန်းမဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ကနဦးစီမံကိန်းနယ်မြေ (၄)ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ASEAN Enabling Master Plan (2025) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂ – ၂၀၂၇)ကို အတည်ပြု ပြဋ္ဌာန်းထားရှိပြီး မဟာဗျူဟာ (၅)နှစ် စီမံကိန်း ထိရောက်အောင်မြင် စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဦးဆောင်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သည်။ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူများ လူမှုအဖွဲ့အစည်း အတွင်း ပါဝင်နိုင်စေရေးအတွက် အတားအဆီး ကင်းသည့်ပတ်ဝန်းကျင် (Barrier Free Environment)၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု (Accessibility) တို့ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သကဲ့သို့ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက် သွားရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် ၃ ဘီလျံ ထုတ်ပေးထားပြီး အဆိုပါမတည်ငွေကို မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများကို ထိထိရောက်ရောက်ပံ့ပိုးကာ တိုးပွားလာသည့် ရန်ပုံငွေကို မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိအောင် အသုံးပြုသွားကြရန်လည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။