၁၉. ၂. ၂၀၂၄
Written by Pan Ei
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က ဒီနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
လူငယ်တွေကို ဧပြီလကစပြီး မဖြစ်မနေ စစ်မှုထမ်းဖို့ မြန်မာစစ်တပ်က ကြေညာခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသားဦးရေဟာ သိသိသာသာ တိုးလာတယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပြီး “သူတို့နိုင်ငံထဲကို တရားဝင်ဝင်လာရင် ကြိုဆိုပါတယ်။ ဒါပေမယ့် တရားမဝင် ခိုးဝင်လာရင်တော့ သူတို့ကို ဥပဒေအရ အရေးယူသွားမှာပါ။ လုံခြုံရေးအေဂျင်စီတွေနဲ့လည်း ဆွေးနွေးထားပြီးသားပါ” လို့ ဆာရက်သာက ပြောပါတယ်။
ဝန်ကြီးချုပ်က မြန်မာရွှေ့ပြောင်းအခြေချသူတွေကြောင့် ပြည်တွင်းက အလုပ်အကိုင်တွေ လုယူခံရမှာကို စိုးရိမ်မှု လျော့ပါးစေဖို့ ကြိုးပမ်းလျက်ရှိပြီး ထိုင်းနိုင်ငံထဲကို လက်ရှိထွက်ပြေးနေကြတဲ့အကြောင်းရင်းတစ်ခုဟာ မဖြစ်မနေ စစ်မှုထမ်းခြင်းကနေ ရှောင်ရှားလိုတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းထက် နိမ့်နေပြီး အလုပ်လုပ်ဖို့ သင့်လျော်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားများစွာ လိုအပ်နေသေးပြီး စစ်မှုထမ်းခြင်းဥပဒေရဲ့ အကျိုးဆက်အနေနဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက် တိုးလာမယ်လို့လည်း ဆာရက်သာက ပြောပါတယ်။
စစ်မှုထမ်းခြင်းကနေ ရှောင်ရှားဖို့ ထိုင်းနိုင်ငံကို ထွက်ပြေးဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ကာ တစ်ရက်ကို ဗီဇာလျှောက်လွှာ ၄၀၀ သာ လက်ခံမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ကြေညာထားခဲ့ပါတယ်။ မြန်မာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေက ခရီးသွားဖို့အတွက်ဆို ဗီဇာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ၁၄ ရက်အထိ ဝင်ရောက်နိုင်တယ်လို့လည်း ထိုင်းသံရုံးက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားဖို့ ရန်ကုန်မြို့က ထိုင်းသံရုံးကို အများအပြားလာရောက်ကြတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သလို အရေအတွက်မှာ တစ်ရက်ကို တစ်ထောင်လောက်ရှိတယ်လို့လည်း သိရပါတယ်။
Ref; Bangkok Post