October 18, 2024

◼️ မဲရုံတာဝန်ရှိသူ ၂,၈၀၀ ကျော် နေထိုင်မကောင်းဖြစ်ရ

၁၉. ၂. ၂၀၂၄
translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံမှာ ဖေဖော်ဝါရီလ ၁၄ ရက်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ တာဝန်ထမ်းခဲ့ကြတဲ့ မဲပေးပွဲဝန်ထမ်း ၂၃ ဦးဟာ မဲပေးပွဲနဲ့ မဲပေးပွဲနောက်ပိုင်းကာလတွေမှာ ခြေကုန်လက်ပန်းကျကာ သေဆုံးခဲ့ကြရတယ်လို့ အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၉ ရွေးကောက်ပွဲတုံးကလည်း မဲရုံလုပ်သား ရာနဲ့ချီ သေဆုံးခဲ့ရတာလိုမျိုးထပ်မဖြစ်စေရေး ကြိုးစားနေတဲ့ကြားက ခုလိုဖြစ်ခဲ့ရသေးတာလို့သိရပါတယ်။

ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှာ နိုင်ငံတစ်ဝန်း မဲရုံ ၈၀၀,၀၀၀ ကျော်မှာ မဲရုံဝန်ထမ်း စုစုပေါင်း ငါးသန်းခန့် အကူအညီနဲ့ကျင်းပခဲ့တာပါ။ မဲတွေကိုလည်း လက်ဖြင့်သာ ရေတွက်ခဲ့ကြတာလို့ သိရပါတယ်။

ကော်မရှင်အကြီးအကဲ အီဒမ်ခိုလစ် က သေဆုံးခဲ့ရတဲ့ မဲပေးပွဲဝန်ထမ်းတွေအနေနဲ့ မဲပေးပွဲအပြီးနံနက် အစောပိုင်းနာရီတွေအထိ မရပ်မနားပင်ပင်ပန်းပန်း လုပ်ခဲ့ကြပြီးနောက် ခြေကုန်လက်ပန်းကျကာ သေဆုံးခဲ့ကြရတယ်လို့ သံသယရှိရတယ်လို့ပြောခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ကတော့ မဲပေးပွဲတာဝန် ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့ရတဲ့ ဝန်ထမ်းတွေအတွက် ရူပီး ၃၆ သန်း (အမေရိကန်ဒေါ်လာ ၂,၃၀၀) စီ လျော်ကြေးပေးသွားမှာဖြစ်ပြီး နာရေးကုန်ကျငွေ ရူပီး ၁၀ သန်း စိုက်ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။

မဲရုံတာဝန်ရှိသူ ဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေအားလုံးကို လုပ်ဆောင်ကြရတာပါ။ ဒီထဲမှာ မဲအရေအတွက်ကို မဲ‌ပေးပွဲအပြီး လက်နဲ့ပဲရေတွက်ကြရမှုလည်းပါပြီး လျင်မြန်စွာ အဆက်မပြတ်ဆောင်ရွက်ကြတာ တောင် တစ်နေ့ကျော်ကျော် အချိန်ကြာနိုင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်မှာတင် မဲရုံတာဝန်ရှိသူ ၂,၈၀၀ ကျော်နေထိုင်မကောင်းဖြစ်ခဲ့ကြရတယ်လို့ ဆိုခဲ့ပါတယ်။ မြို့တော်ဂျာကာတာမှာဆိုရင်လည်း မဲရုံလုပ်သားနှစ်ဦး သေဆုံးပြီး ရှစ်ဦးနေထိုင်မကောင်းဖြစ်ခဲ့ရပါတယ်။

Ref——Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *