၁၉. ၂. ၂၀၂၄
Written by Zaw Moe
တာမွေမြို့နယ်၊ ယုဇနပလာဇာအနီး ဗညားဒလမ်းတွင် ဗုံးကွဲခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် လူစည်ကားရာနေရာ ယုဇနပလာဇာနှင့် အနီးပတ်ဝန်းကျင်တွင်လည်း အများပြည်သူ၊ ဈေးသည်နှင့် ဆိုင်ခန်းများ လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း MT News သတင်းဌာနမှ မြေပြင်သွားရောက် စုံစမ်းမှုအရ သိရသည်။
ပြည်ပရောက် Exile မီဒီယာများအနေဖြင့် တာမွေမြို့နယ် ယုဇနပလာဇာအနီး၊ ဗညာားဒလလမ်းတွင် ယနေ့ ဗုံးပေါက်ကွဲခဲ့ပြီး လူသူထိခိုက်မှုမရှိကြောင်း သတင်းများ ရေသားဖော်ပြခဲ့ခြင်းဖြစ်သည်။
“ဒီနားမှာ ဘာအသံမှလည်းမကြားဘူး၊ ဖြစ်တယ်ဆို အခုလောက်ဆို ယုနဇပလာဇာ ဒီလိုတောင် လူစည်နေမှာမဟုတ်ဘူး။ အကုန်ရှင်းနေမှာပေါ့။ အခုပုံမှန်အတိုင်းပဲလေ” ဟု ယုဇနပလာဇာရှေ့တွင် ဈေးရောင်းနေကြသည့် ဈေးသည်များက ပြောသည်။
မျက်မြင်တွေ့ရှိချက်များအရလည်း ဗုံးပေါက်ကွဲခဲ့သည်ဆိုသော နေရာအနီးပတ်ဝန်းကျင်နှင့် ယုဇနပလာဇာတို့တွင် လမ်းဘေးဈေးသည်များ၊ ဈေးဆိုင်ခန်းများအနေဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ကာ ရောင်းဝယ်မှုများ ပြုလုပ်နေသလို ကားလမ်းပိတ်ထားခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေခြင်းကိုလည်း တွေ့ရှိခဲ့ရခြင်းမရှိခဲ့ပေ။
တပ်မတော်သတင်းများကို ထုတ်ပြန်ပေးနေသည့် Telegram Channal များတွင်လည်း ယုဇနပလာဇာအနီး ယနေ့တွင် ဗုံးပေါက်ကွဲမှုမရှိခဲ့ကြောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က အတည်ပြုထားကြောင်းနှင့် ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် မျက်နှာ Mask များ တပ်ထားသည့် ဓာတ်ပုံအဟောင်းဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။