၁၉. ၂. ၂၀၂၄
Written by Pan Ei
ရုရှားနိုင်ငံမှာ သမ္မတပူတင်နဲ့ အစိုးရကို ဆန့်ကျင်ဝေဖန်မှုတွေ ပြုလုပ်တာကြောင့် လူသိများတဲ့ အတိုက် အခံခေါင်းဆောင် အလက်ဇေး နာဗာလ်နီဟာရုရှားနိုင်ငံအကျဉ်းထောင်အတွင်း ဖေဖော်ဝါရီ ၁၆ ရက်က သေဆုံးခဲ့တာကြောင့် ရုရှားနိုင်ငံသားတွေက စုရုံးကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတွေပြုလုပ်ကြရာ ရုရှားမြို့ ၃၂ မြို့မှာ လူ ၄၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့ OVD-Info ရဲ့အဆိုအရ သိရပါတယ်။
ယူကရိန်းမှာ ပူတင်ရဲ့ စစ်ရေးလှုပ်ရှားမှုအတွက် အရန်တပ်သားတွေကို တစ်စိတ်တစ်ပိုင်း စည်းရုံးမှုကို ဆန့်ကျင်တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဆန္ဒပြပွဲတွေမှာ လူပေါင်း ၁,၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီးနောက် ခုလို ဖမ်းဆီးမှုဟာ ရုရှားနိုင်ငံက နိုင်ငံရေးပွဲတွေမှာ အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်လာခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ စိန့်ပီတာစဘတ်နဲ့ မော်စကိုမြို့တို့မှာ ဖမ်းဆီးမှုအများဆုံးဖြစ်ပွားခဲ့တယ်လို့သိရပြီး စိန့်ပီတာ စဘတ်မှာ လူပေါင်း ၂၀၀ ကျော် ထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲတွေမှာ စုရုံးကြသူတွေက ပန်းတွေနဲ့ ဖယောင်းတိုင်တွေ ချထားကြကာ တချို့က ဓမ္မသီချင်းများ သီဆိုကြပြီး တချို့ကလည်း မျက်ရည်ကျကာ ပွေ့ဖက်နေကြတာကို ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
အသက် ၄၇ နှစ်အရွယ် ရှေ့နေဟောင်း နာဗာလ်နီဟာ ဆယ်စုနှစ်သုံးခုကြာ ထောင်ဒဏ်ကျခံနေချိန် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်က Yamal-Nanets ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်အကျဉ်းထောင်မှာ လမ်းတစ်ခေါက်လျှောက်အပြီး ကောင်းစွာနေမကောင်းဘဲ အကျဉ်းထောင် အဆောင်အမှတ် ၃ မှာ ရုတ်တရက် သတိလစ်သွားခဲ့ရာကနေ သတိပြန်မလည်လာတော့ဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်ကာ သေဆုံးရခြင်း အကြောင်းရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref; Reuters