October 18, 2024

၁၉. ၂. ၂၀၂၄
Written by Hey Mar

ဆီပြတ်သွားလို့ ခေတ္တရပ်ထားတဲ့ Express ယာဥ်ကို ခြောက်ဘီး Canter ယာဥ်က အနောက်ကနေ ဝင်တိုက်မိခဲ့လို့ Canter ယာဥ်ပေါ်ပါ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁ မိုင် ၃ ဖာလုံမှာ ဒီနေ့ ဖေဖေါ်ဝါရီ ၁၉ ရက်၊ မနက် ၆ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

ယာဥ်တိုက်မှု ဖြစ်စဥ်က ကုန်တွေ အပြည့်တင်ဆောင်ထားပြီး ခရီးသည်မပါတဲ့ Express ယာဥ်က အခင်းဖြစ်နေရာမှာ ဆီပြတ်လို့ ရပ်တန့်ထားတာဖြစ်ပြီး နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ခြောက်ဘီး Canter ယာဥ်က အရှိန်များပြီး ဝင်တိုက်မိခဲ့တာလို့ သွားရောက်ကူညီခဲ့သူတွေက ပြောပါတယ်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် Canter ယာဥ်ပေါ်လိုက်ပါလာတဲ့ ယာဥ်မောင်း ဦးမန်းအောင်သွင် ၅၄ နှစ်၊ ဝမ်းတွင်းမြို့နေထိုင်သူနဲ့ ဦးနေဝင်းဇော် ၄၃ နှစ် တွံတေးမြို့နယ်နေထိုင်သူတို့နှစ်ဦးဟာ ရရှိဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ကာ Canter ယာဥ်ရဲ့ ခေါင်းခန်းမှာပဲ လိုက်ပါလာတဲ့ အသက် ၄၀ ကျော်အမျိုးသား ၁ ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့တာပါ။

အဆိုပါ ဒဏ်ရာရရှိသွားသူနဲ့ သေဆုံးသူတွေကို Medical လူငယ်များ လူမှုကူညီရေးအသင်းနဲ့ ဉာတိသင်္ဂဟ လူမှုကူညီရေးအသင်းတို့က လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *