၁၉. ၂. ၂၀၂၄
Translated by Htwe Ko Tun
ပြည်ပမှာ ၁၅ နှစ်ကြာရှောင်တိမ်းနေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ထိုင်းနိုင်ငံကိုပြန်လည် ရောက်ရှိလာခဲ့တဲ့ ထိုင်းနိုင်ငံ၊ဝန်ကြီးချုပ်ဟောင်း အသက် ၇၄ နှစ်ရှိ သက်ဆင် ရှင်နာဝပ်ထရာ ဟာ ပြစ်ဒဏ်ကျခံနေစဉ် ကျန်းမာရေးအခြေအနေမကောင်းလို့ ရဲတပ်ဖွဲ့ဆေးရုံမှာ ခြောက်လကြာတက်ရောက် ကုသခံနေရာက ဖေဖော်ဝါရီလ ၁၈ ရက် နံနက်အစောပိုင်းမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအရ ပြန်လည်လွတ်မြောက်ပြီး ဘန်ကောက်မြို့အနောက်ပိုင်းက နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။
သက်ဆင်ရဲ့လွတ်မြောက်မှုကို အစိုးရအဖွဲ့ဝင်အများအပြားနဲ့ သက်ဆင်ကိုထောက်ခံကြသူ အတော်များ များကဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့် သူ့ကိုဝေဖန်တိုက်ခိုက်နေသူတချို့ကလည်း သက်ဆင်လွတ်မြောက်မှုကို မေးခွန်းတွေထုတ်ပြီးမေးပြန်းကန့်ကွက်နေကြတုံးပါ။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင် ကတော့ သူ့အနေနဲ့ သက်ဆင်လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးအတွက် သမီးဖြစ်သူ ဖျူထိုင်းပါတီခေါင်းဆောင် ပေတုံတန် ရှင်နာဝပ်ထရာထံသူ့အနေနဲ့ ဆုမွန်ကောင်းတွေ ပို့ပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်မှာပဲပြောခဲ့ပါတယ်။ သက်ဆင်ရဲ့လွတ်မြောက်မှုကဥပဒေနဲ့ ညီညွတ်မှု ရှိပါ့မလားဆိုတဲ့ မေးခွန်းတွေကိုလည်း ဆရက်သာ က သက်ဆင်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိနိုင်ဖို့ ဥပဒေအရ လိုအပ်တဲ့အချက်တွေနဲ့အကျုံးဝင်လို့ လွတ်မြောက်ခဲ့တာလို့ ပြန်လည်ဖြေကြားခဲ့ပါ တယ်။
သက်ဆင်အနေနဲ့ အသက် ၇၀ နှစ် ကျော်လာပြီဖြစ်တဲ့အပြင် ကျန်းမာရေးအရလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီး သူ့ရဲ့ပြစ်ဒဏ်ကာလရဲ့ထက်ဝက်ဖြစ်တဲ့ ခြောက်လကြာကို ပြစ်ဒဏ်အနေနဲ့ ကျော်လွန်လာခဲ့ ပြီဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအရ အကျုံးဝင်တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။
ဖျူထိုင်းပါတီကိုတည်ထောင်သူဖြစ်တဲ့ သက်ဆင် လွတ်မြောက်မှုက ထိုင်းနိုင်ငံအဖို့ ခေါင်းဆောင် နှစ်ယောက်အုပ်ချုပ်တဲ့ နိုင်ငံအဖြစ်ရောက်လာစေမှာလားလို့မေးမြန်းကြရာမှာလည်း ဆရက်သာ က ထိုင်းနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦးသာရှိနိုင်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် သူက သက်ဆင်ရဲ့ အကြံဉာဏ်ပေးမှုတွေကိုလည်း သူ့အစိုးရအဖွဲ့ထဲက ဘယ်သူကမှ ငြင်းပယ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
အတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီကတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ပြန်လည်လွတ်မြောက်မှုက ထိုင်းနိုင်ငံတရားရေးစနစ်ကို သံသယဖြစ်စရာ မေးခွန်းတွေဖြစ်စေခဲ့တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ ကြေညာချက်မှာ တကယ်လို့ အစိုးရအနေနဲ့ သက်ဆင်အတွက် တရားမျှတမှုကိုလိုလားရင် နိုင်ငံအတွင်း တရားရေးစနစ်ကို လိုသူတစ်မျိုး မလိုသူတစ်မျိုး စံနှစ်မျိုးထားကျင့်သုံးတဲ့ပုံစံနဲ့ အားဖြည့်ကျင့်သုံးမှုမပြုသင့်ဘူးလို့ ဖေါ်ပြခဲ့ပါတယ်။ ဒါ့ပြင် Move Forward ပါတီ က သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဆိုခဲ့ပါသေးတယ်။
သက်ဆင်ပြန်လည်မလွတ်မြောက်မီဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၁၁း၃၀ နာရီအချိန်မှာ ပီချစ် ချိုင်မွန်ကိုလ် ခေါင်းဆောင်တဲ့ ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူများကွန်ရက် ဆိုတဲ့ အုပ်စုတစ်ခုမ့ ဆန္ဒပြသမားတွေက သက်ဆင်တက်ရောက်နေတဲ့ ရဲတပ်ဖွဲ့ဆေးရုံရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဆန္ဒပြစုဝေးနေတဲ့နေရာရှိ ဆေးရုံဂိတ်က မဟုတ်ဘဲ တခြားလမ်းရှိဂိတ်မှ သက်ဆင်က ဆေးရုံကဆင်းပြီးအိမ်ပြန်သွားခဲ့တာပါ။
ဆန္ဒပြခေါင်းဆောင် ပီချစ် က သက်ဆင်အနေနဲ့ စိုးရိမ်ဖွယ်ရာကျန်းမာရေးအခြေအနေမှာရှိနေတယ်ဆိုတာကို ရှင်းလင်းမှုမရှိတဲ့အတွက် အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(NACC)သို့ စုံစမ်းစစ်ဆေးမှုပြုပေးဖို့ တင်ပြတောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမှုအပေါ် အခြေခံပြီး အစိုးရအပေါ် မကျေမနပ်ဝေဖန်ဆန္ဒပြလာကြတဲ့ အတိုက်အခံတွေနဲ့ လူ့အခွင့်အရေးအုပ်စုဆိုတာတွေရဲ့ လှုပ်ရှားမှုတွေက ဘယ်အထိကြီးထွားလာနိုင်မလဲစောင့်ကြည့်ရမှာပါ။
Ref——-Nation Thailand