၁၉. ၂. ၂၀၂၄
Written by Ye Kyaw
သောက်သုံးရေ ရှားပါးသည့် ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ မြို့နယ်များ သောက်သုံးရေရရှိစေရန် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားပေါ်မှတစ်ဆင့် သုည ဒသမ ၅ မီတာ (တစ်ပေခွဲ) အချင်း ရှိသောသောက်သုံးရေဂျိုးဖြူပိုက်လိုင်း သွယ်တန်းဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သွယ်တန်းမည့် သုည ဒသမ ၅ မီတာ (တစ်ပေခွဲ) အချင်း ရှိ သော သောက်သုံးရေ ဂျိုးဖြူပိုက်လိုင်း သွယ်တန်းဆောင်ရွက်မည့် အခြေအနေနှင့် ဒလဘက်ခြမ်းတွင် Toll Plaza တည်ဆောက်ရန် မြေနေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေများကို ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလ၊ ဆိပ်ကြီးခနောင်တို စသည့်မြို့နယ်များ၌ စက်ရေတွင်းများ တူးရာတွင် ရေငန်သာထွက်ရှိခြင်းကြောင့် သောက်သုံးရေအတွက် ကန်ရေကိုသာ အဓိကထားသုံးစွဲနေရခြင်းဖြစ်ပြီး နွေရာသီကာလတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်လေ့ရှိသည်။
“သောက်သုံးရေကမရှိဘူး။ နွေရာသီဆိုရင်ပေါ့။ ကန်ရေပဲသုံးတော့မိုးကုန်တာနဲ့ ရေသန့်ဘူး ဝယ်သောက် ရတာ။ ဒီဘက် ဒလတို့၊ ဆိပ်ကြီးခနောင်တိုဘက်တွေက ရေတူးရင် ရေငန်ပဲထွက်လို့။ ရပ်ကွက်ထဲမှာ တူးရင် အများကြီးလည်း မတူးနိုင်ဘူး။ ပေနည်းနည်းနဲ့ အကြမ်းသုံးဖို့အတွက်ပဲ တူးကြတာ။ ရေချိုကျတော့ ရေချိုးတာတို့ဘာတို့ပေါ့။ ကန်ရေ ကျတော့ သောက်တာ။ နွေရာသီဆို ရန်ကုန်ဘက်ခြမ်းကနေ စက်လှေတွေနဲ့ ရေသန့်ဘူးတွေသယ်ပြီး ပြန်ရောင်းကြတာ” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထို့ကြောင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတား တည်ဆောက်ရာတွင် ရန်ကုန်မြစ် တစ်ဖက်ကမ်းရှိ မြို့နယ်များ သောက်သုံးရေရရှိစေရန်အတွက် ဂျိုးဖြူပိုက်လိုင်းများ သွယ်တန်းခြင်းကိုပါ တစ်ပါတည်း ထည့်သွင်းဆောင်ရွက်နေခြင်းဖြစ်သည်။