October 18, 2024

၁၉. ၂. ၂၀၂၄

Written by Hey Mar

အာဟာရပြတ်ကာ လမ်းမပေါ်မှာ သေဆုံးနေတဲ့ အိမ်ခြေမဲ့ အသက် ၇၀ နှစ်ကျော်အရွယ် အဖိုးအို တစ်ဦးရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ဒီနေ့မနက် ၉ နာရီဝန်းကျင်က ပို့ဆောင်ပေးခဲ့ရတယ်လို့ လင်းလက်လူမှုကူညီရေးအသင်းထံကနေသိရပါတယ် ။

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ ရပ်ကွက် ကမ်းနားလမ်းမပေါ်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို လာရောက်သယ်ဆောင်ပေးဖို့ ပတ်ဝန်းကျင်က အကြောင်းကြားလာတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး သွားရောက်ကူညီသယ်ဆောင်ပေးတာဖြစ်ကြောင်း၊ လူမှုကူညီရေး အသင်းတွေ မြေပြင်အကူအညီရောက်ရှိချိန်မှာ အဆိုပါ အဖိုးအို သေဆုံးခဲ့တာ တစ်နာရီဝန်းကျင်ခန့်ရှိပြီလို့ ခန့်မှန်းရကြောင်း လင်းလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

အဆိုပါ ပရဟိတ အသင်းတာဝန်ရှိသူက “အဲဒီ့အဖိုးအိုက အခုသေဆုံးတဲ့ နေရာကို လွန်ခဲ့တဲ့ သုံးရက်ကမှ ရောက်လာတာလို့ ဘေးပတ်ဝန်းကျင်က ပြောပြတယ်။ ပိန်လှီပြီး အာဟာရပြတ်တဲ့ လက္ခဏာမျိုးလို့ ခန့်မှန်းရတယ်။ ကျွန်တော်တို့ရောက်သွားချိန် အလောင်းက တောင့်နေတာမျိုး မရှိသေးတဲ့အတွက် သေတာလည်း တစ်နာရီဝန်းကျင်လောက်ပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်”လို့ ဆိုပါတယ်။

အိမ်ခြေမဲ့ အဖိုးအိုရဲ့ ရုပ်အလောင်းကို ဘိုကလေးစျေးပရဟိတအသင်းနဲ့ လင်းလက်လူမှုကူညီရေး အသင်းတို့ ပူးပေါင်းပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *