October 18, 2024

၁၉. ၂. ၂၀၂၄
Written by Pan Ei

ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ပါပူဝါနယူးဂီနီနိုင်ငံမြောက်ပိုင်း ကုန်းမြင့်ဒေသမှာ လူမျိုးစုပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေအတွင်း အနည်းဆုံး လူ ၆၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတကာမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မနေ့က ပါပူဝါနယူးဂီနီနိုင်ငံရဲ့ မြို့တော် Port Moresby အနောက်မြောက်ဘက် ၆၀၀ ကီလိုမီတာ (၃၇၃ မိုင်) အကွာ ဝါဘက်မြို့အနီးက အခင်းဖြစ်ပွားရာနေရာမှာ လူမျိုးရေးအငြင်းပွားမှုတစ်ခုအတွင်း သေဆုံး သူတွေဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ ပါတယ်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ပါပူဝါနယူးဂီနီနိုင်ငံက အမ်ဘူလင်နဲ့ ဆီကင် မျိုးနွယ်စုတွေအပြင် သူတို့ရဲ့ မဟာမိတ်တွေပါ ပါဝင်ခဲ့တယ်လို့ သိရကာ ဒီနေ့ မနက်မှာ အခင်းဖြစ်ပွားရာနေရာအနီးက လမ်းဘေး၊ မြက်ခင်းပြင်တွေနဲ့ Wapenamanda တောင်ကုန်းတွေပေါ်ကနေ အလောင်း ၆၄ လောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

အဆိုပါ လူမှုရေး ပဋိပက္ခတိုက်ပွဲတွေအတွင်း ပြိုင်ဘက်အုပ်စုတွေဟာ AK47 နဲ့ M4 ရိုင်ဖယ်လိုမျိုး စွမ်းအားမြင့်သေနတ်တွေကို အသုံးပြုခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကာ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့လည်း သိရပါတယ်။

“ဒါဟာ အန်ဂါပြည်နယ်မှာ မြင်ဖူးသမျှထဲ အကြီးမားဆုံး သတ်ဖြတ်မှုဖြစ်ပြီး ပါပူဝါနယူးဂီနီက ကုန်းမြင့်ပိုင်းအားလုံးမှာလည်း ဒါက အကြီမားဆုံး ဖြစ်နိုင်ပါတယ်” လို့ နိုင်ငံရဲ့ရဲတပ်ဖွဲက အကြီးတန်းအရာရှိ George Kakas က ပြောကြားခဲ့ပါတယ်။

Ref; Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *