၁၉. ၂. ၂၀၂၄
Written by Naing Thuta
မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် ပတ်စ်ပို့စ်လုပ်ရန် လူတန်းစီရင်း တိုးဝှေ့ကြရာမှ လူအုပ်ပိ၍ အမျိုးသမီး နှစ်ဦးသေဆုံးကာ တစ်ဦး ခြေထောက်ကျိုးသွားပြီးဦးခေါင်းထိခိုက် ဒဏ်ရာရရှိမှု ဖေဖော်ဝါရီလ ၁၉ ရက် နံနက်အာရုံမတက်ခင်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြို့နေ ပရဟိတ အဖွဲများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်) နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊၁၂ လမ်း၊ ၆၄လမ်းနှင့် ၆၅လမ်းကြားရှိ ပတ်စ်ပို့စ်ရုံးတွင် နိုင်ငံကူး လက်မှတ် လုပ်ရန် လူတန်းစီရင်း တိုးဝှေ့ကြရာမှ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၌ နေထိုင်သူ အမျိုးသမီး သုံးဦး လူအုပ်ပိ၍ နှစ်ဦးသေဆုံးကာ တစ်ဦး ခြေထောက်ကျိုးသွားသည့်အပြင် သွားကျိုး သွားကာ ဦးခေါင်းအနည်းထိခိုက်ဒဏ်ရာရရှိသွားသဖြင့် နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှု ကယ်ဆယ်ရေး အသင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“ဒီနေ့မနက် ၂ နာရီကျော်လောက်က ပတ်စ်ပို့စ်ရုံးမှာ ပတ်စ်ပို့စ်လုပ်ဖို့ နေရာတန်းစီကြရင်း တစ်ဦးနဲ့တစ်ဦးတိုးဝှေ့ကြရာကနေ အမျိုးသမီး သုံး ယောက်လူအုပ်ပိလို့ နှစ် ယောက်က အသက်ရှုကျပ်ပြီး အဲ့နေရာမှာတင် သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့တစ်ယောက်ကတော့ သွားကျိုးသွားတဲ့အပြင် ခြေထောက်ပါကျိုးသွားတယ်။ နောက်ပြီး ခေါင်းနည်းနည်းထိသွားလို့ ဓာတ်မှန်ရိုက်ထားတယ်။ ပတ်စ်ပို့စ်လုပ်ရင် နေရာရဖို့အတွက် အစောကြီးတန်းစီကြရတယ်။ အစောကြီးတန်းစီကြတာလည်း မပြောနဲ့လေ၊ နေရာတစ်နေရာကို တစ်သိန်းကျော်လောက် ပွဲစားတွေကြားမှာ ပေါက်စျေးဖြစ်နေကြ တယ်လေ။ အဲ့ကြောင့် ပွဲစားတွေက နေရာရဖို့အတွက် အလုအယက်ကို တိုးဝှေ့တန်းစီနေကြတာ။ အခုသေသွားတဲ့အမျိုးသမီးတွေကလည်း တိုးဝှေ့တန်းစီကြ ရင်း လူအုပ်ပိ သေဆုံးသွားတာပါ။ တစ်ခါတန်းစီရင် လူထောင်ချီလောက်ရှိမယ်” ဟု အခင်းဖြစ်ရာ အနီးတွင် ရှိနေသော မျက်မြင်တွေ့ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသွားသည့် အမျိုးသမီး၂ ဦးမှာ အသက် ၅၂ နှစ် အရွယ်ခန့်ရှိသော အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်(၆၇)နေ ဒေါ်ခင်မျိုးအေးနှင့် အသက် ၃၉ နှစ်အရွယ်ခန့်ရှိသော ညောင်ကွဲရပ်ကွက်၊ အကွက်(၇)နေ မခိုင်ဝေတို့ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရ ရှိခဲ့ သူမှာမူ ညောင်ကွဲရပ်ကွက်၊အောင်သပြေရပ်နေ အသက် ၅၃ နှစ်အရွယ်ခန့်ရှိသော ဒေါ်ဌေးဌေးဝင်း (စိုးရိမ်ရ)ဖြစ်ကြောင်း သိရသည်။
မန္တလေး နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် နေ့စဉ် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၀၀ ဦးဝန်းကျင်သာ လျှောက်လွှာတင်ခွင့်ပြုသည့်အတွက် ည ၁၂ နာရီဝန်းကျင်မှစတင်၍ နိုင်ငံကူး လက်မှတ်ရုံးရှေ့တွင် လူအုပ် ထောင်ချီ၍ ညအိပ်စောင့်ဆိုင်းကာ တန်းစီနေကြကြောင်း သိရသည်။