၁၉.၂.၂၀၂၄
Written by KL
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ၂၂၇၅ ဧက ကျယ်ဝန်းသောနယ်မြေကို ကျိုက်ပိရွှေသောင်ကွင်းဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ် ယခုလမှစတင်ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်လိုက်သည်။
ဒီရေတောသစ်မျိုးများနှင့် ဒီရေတောဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဒီရေတောများ ပျက်စီးပြုန်းတီးခြင်းမှ ကာကွယ်ရန်၊ သား၊ ငါး၊ ပုစွန်စသော ရေသယံဇာတများ စဥ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ရေပျော်ငှက်များ နေထိုင်ကျက်စားရန်နှင့် ပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ်ခံစားရမှုများအား သဘာဝတံတားကြီးများသဖွယ် ကာကွယ်ရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်သည်။
ကျိုက်ပိရွှေသောင်ကွင်းဒီရေတော ကြိုးပြင်ကာကွယ်တေအဖြစ် သတ်မှတ်ခြင်းအားဖြင့် သဘာဝပတ်ဝန်း ကျင်၊ ရာသီဥတုနှင့်ဒေသအတွက် အကျိိုးပြုသော ဒီရေတောများ ဖြစ်ထွန်းလာမည်ဖြစ်ခြင်း၊ ပင်လယ်လှိုင်း၊ဒီရေနှင့်လေမုန်တိုင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းပြိုတိုက်စားမှုလျော့နည်းလာပြီး လယ်ယာမြေများအတွင်း ဆားငန်ရေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ခြင်း၊ သား၊ ငါး၊ ပုစွန်စသည့် ရေနေသတ္တဝါများ ရှင်သန်ပေါက်ပွားရာ အဏ္ဏဝါဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်းနှင့် ဆောင်းခိုငှက်၊ ရေပျော်ငှက်များ နေထိုင်ကျက်စားလာခြင်းစသည့် အကျိုးများ ရရှိလာနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၃၄၈ ဧကရှိသောနယ်မြေကို ကျောက်တောင်(၂)ကြိုးပြင်ကာကွယ်တောအဖြစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် သတ်မှတ်လိုက်ကြောင်း သိရသည်။