MT News
Written by Min Mahar
ပခုက္ကူမြို့ရှိ ရေစကြိုကားဂိတ်တွင် အမျိုးသားတစ်ဦးအား ဒီဇင်ဘာ ၃ ရက် နေ့လည်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရေစကြိုကားဂိတ်တွင် ရေစကြိုမြို့နယ်၊ အလယ်သောင်အုပ်စု၊ ဂွက်ကြီးကျေးရွာနေ ဦးဇော်နိုင်သည် ပခုက္ကူမြို့သို့ ကြက်သွန်နီ လာရောက် ပို့ဆောင်စဉ် အမည်မသိအမျိုးသား ၁ ဦးမှ သေနတ်အတို ၁ လက်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
“ဒီနေ့နေ့လည်က ရေစကြိုကနေ ကြက်သွန်နီလာရောင်းတဲ့ အမျိုးသားတစ်ဦးကို အမည်မသိသေနတ်သမားက ပစ်ခတ်သွားတယ်။ သူ့ကြက်သွန်တွေ ပွဲရုံကိုပို့ပြီးအပြန် ရေစကြိုကားဂိတ်မှာ သူစီးလာတဲ့ကား ခဏရပ်နေချိန်မှာ သေနတ်အတိုနဲ့ ၂ ချက်ပစ်ခတ်ပြီးတော့အရှေ့တိုက် ဘုန်းတော်ကြီးကျောင်းထဲကို ဝင်ပြေးသွားတယ်” ဟု မျက်မြင်မြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခံရသူအမျိုးသားသည် ဝဲဘက်လက်ဖျံဖောက်ဝင် ဒဏ်ရာ(၁)ချက်ရရှိခဲ့သဖြင့် ပခုက္ကူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း သိရသည်။
၎င်းသေနတ်သမားကို သက်ဆိုင်ရာအဖွဲ့များက ဖမ်းဆီးရမိနိုင်ရေးအတွက် မြို့ဝင်/ထွက်ဂိတ်များတွင် ပိတ်ဆို့စစ်ဆေးခြင်းများ ၊ ခိုအောင်းနိုင်သောနေရာများအား လိုက်လံစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။