၁၈. ၂. ၂၀၂၄
Written by Nay Aung
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များသည် ပြီးခဲ့သောရက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာလူငယ် ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းများတွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်ဒေသမှ နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသား ၁၃ ဦးနှင့်အမျိုးသမီး ၁၄ ဦး ပါဝင်သော မြန်မာလူငယ် ၂၇ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖိုဖရာ အရပ်ဒေသရှိ စမ်းချောင်းနားတွင် တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာလူငယ် ၂၇ ဦးသည် မြန်မာနိုင်ငံ မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ လူကုန်ကူးအဖွဲ့များ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းလာသူများဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။ မြန်မာလူငယ် ၂၇ ဦးသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဒေသတောလမ်းမှတစ်ဆင့် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော သီတင်းပတ်ကလည်း ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၂၇ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ အဆိုပါ မြန်မာနိုင်ငံသား ၂၇ဦးထဲတွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၆ ဦးတို့ ပါဝင်ခဲ့ကြောင်း၊ ထိုင်းနှင့်မြန်မာနယ်စပ်ဒေသများမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းလာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များကပြောသည်။
Ref khaosod