MT News
Written by Ye Kyaw
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လခန့်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှု၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၄၆၀ ကျော်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ရှစ်လခန့်တွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုမှ ရရှိသောဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၉၂၀ ဘီလျံသာရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၃၈၅ ဘီလျံအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပို့ကုန်တင်ပို့မှုပမာဏထက် သွင်းကုန်တင်သွင်းမှုပမာဏသည် ဒေါ်လာ ၄၆၄ ဒသမ ၆၁၅ သန်း ပို၍များနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၆၄ ဒသမ ၆၁၅ သန်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရှစ်လခန့်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၂ ဒသမ ၃၀၆ ဘီလျံအထိရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၁၁၇ ဘီလျံ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း သွင်းကုန်တင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံကျော်အထိ ပိုမိုတင်သွင်းခြင်းဖြစ်ပြီး တဖက်တွင်လည်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် ပိုမိုတင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေလျော့ကျလာစေရန် ပိုကုန်များပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်ချက်များရှိပြီး တဖက်တွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ပြည်တွင်း အခြေခံအဆောက်အအုံများအတွက် မဖြစ်မနေတင်သွင်းနေရသည့် သွင်းကုန်များလည်းရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်း၊ တရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သတောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့် အခြားပို့ကုန်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။