October 18, 2024

၁၈. ၂. ၂၀၂၄
Written by Nay Aung

ထိုင်းစစ်တပ်အနေဖြင့် မြန်မာနိုင်ငံအခြေစိုက် လက်နက် ကိုင်အဖွဲ့အစည်းများကို စစ်လက်နက်ပစ္စည်းများ မှောင်ခိုရောင်းချခြင်း၊ ကူညီထောက်ပံ့ပေးခြင်းမျိုးမရှိကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ နယ်စပ်ဒေသဖြတ်ကျော်ပြီး စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့ပေးနေသည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်း ဟင်တာအိုက ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်း ဟင်တာအိုက ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်လက်နက်များ လွဲပြောင်းပေးခြင်းများ တားဆီးကာကွယ်နိုင်ရန် တင်းကြပ်သောအစီအမံများလုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။ ဗိုလ်ချုပ်ကြီးဖြစ်သူဂျာရိုအန်ချိုင်းက ” လက်နက်မှောင်ခို ကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုဖြစ်လာချိန်တိုင်း စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် မြန်မာနိုင်ငံရှိ PDF အဖွဲ့ တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ လက်နက်တွေဟာ ထိုင်းတပ်မတော်ထံကနေ ရရှိတာမျိုးမရှိဘူးဆိုတာ ပြသနေပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံသည် လက်ရှိအချိန် နေရပ်စွန့်ခွာတိမ်းရှောင်နေရသော မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန်လုပ်ဆောင်နေပြီး နယ်စပ်ဒေသလုံခြုံရေးနှင့်ပတ်သက်၍ ထားရှိသောကတိများကိုအကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေကြောင်း ထိုင်းဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်းက ပြောသည်။ ထိုင်းဗိုလ်ချုပ်ကြီးက ထိုင်းနိုင်ငံ နယ်စပ်ဒေသလုံခြုံရေးအဖွဲ့များသည် လက်နက်ကုန်ကူးခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးခြင်း အပါအဝင် နယ်စပ်ဒေသတွင် တရားမဝင် လှုပ်ရှားမှုများကို တိုက်ဖျက်နိုင်ရန် လုပ်ဆောင်နေကြောင်း ပြောဆိုသည်။

မြန်မာနယ်စပ်ဒေသ အခြေအနေသည် ခက်ခဲရှုပ်ထွေးနေကြောင်း၊ ထိုင်းတပ်မတော်သည် နယ်စပ်ဒေသတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရန်နှင့် တရားဥပဒေ စိုးမိုးမှုများဖြစ်ရန် ကတိပြုထားကြောင်း ထိုင်းဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *