October 18, 2024

၁‌၈.၂.၂၀၂၄
Written By Thandar

ငိုကြွေးနေတဲ့ပြည်သူတွေ ပြုံးအောင်လုပ်နိုင်ဖို့ဆိုတာလည်း အနုပညာရှင်တွေပဲ ဖန်တီးနိုင်တာပါလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုရအနုပညာရှင်တွေအတွက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ မြဝတီစင်တာမှာ ကျင်းပခဲ့ချိန် အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားပါတယ်။

“၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်အကယ်ဒမီပေးပွဲအခမ်းအနားကြီး တကယ့်ကို ခမ်းခမ်းနားနားကြီးကို ပြီး မြောက်ခဲ့ပါပြီ။ အနုပညာဟာ အင်မတန် ပရိသတ်ကိုဖမ်းစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကို တစ်နိုင်ငံက အားပေးကြတယ်လို့ သိရှိရပါတယ်။ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် အစအဆုံးကြည့်ပြီး ကျေနပ်ပီတိဖြစ်တယ်လို့ သိရပါတယ်။ အနုပညာဟာ အားလုံးကိုဖမ်းစားနိုင်တယ်လို့ ပြောရင်လည်း မမှားပါဘူးဗျာ။ ကျွန်တော်အမြဲတမ်းပြောသလို ငိုကြွေးနေတဲ့ပြည်သူတွေ ပြုံးအောင်လုပ်နိုင်ဖို့ဆိုတာလည်း အနုပညာရှင်တွေပဲ ဖန်တီးနိုင်တာပါ။ အနုပညာရှင်များကို ဖန်တီးရှင်များလို့တင်စားပါရစေ “လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ အကယ်ဒမီ ထူးချွန်ဆုရွေးချယ်ရေး စိစစ်အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦး စတဲ့သူတွေက အကယ်ဒမီနဲ့ ပတ်သက်နဲ့မုဒိတာဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ၂၀၂၃ အကယ်ဒမီဆုရှင်တွေဖြစ်တဲ့ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရှင်တွေဖြစ်တဲ့ ဒါရိုက်တာစည်သူဦး အောင်မြင့်မြတ်၊ စည်သူ ဒေါ်နွဲနွဲစန်း၊ ဒါရိုက်တာအလင်္ကာ ကျော်စွာပန်းချီစိုးမိုးတို့အပြင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုရှင် ဒါရိုက်တာ ဝင်းလွင်ထက်(ကံကောင်းဇာတ်ကား) ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ကောင်းဆက်ပိုင် (ဂီတမြို့)(ကံကောင်း ရုပ်ရှင်ဇာတ်ကား) ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု ဒါရိုက်တာညိုမင်းလွင် (ဆရာမ ရုပ်ရှင်ဇာတ်ကား) ၊ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးက (ကံကောင်းရုပ်ရှင် ဇာတ်ကား) ၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာ ဆု ဒါရိုက်တာ တင်အောင်စိုး ပန်းမြို့တော် (စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကား) ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု မေမြင့်မိုရ် (မုန်းခွင့်ရုပ်ရှင် ဇာတ်ကား) ၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု နေဝင်း (ရည်ရွယ်မိုး ရုပ်ရှင်ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသမီး ရုပ်ရှင်ဇာတ်ဆောင်ဆု စိုးမြတ်သူဇာ ( ဘယ်တော့မှ အရှုံး မပေးဘူး ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသား ရုပ်ရှင်ဇာတ်ဆောင်ဆု ရန်အောင်က (စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကား)တို့ကို လက်ဆောင်တွေလည်းပေးအပ်ခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာတော့ ဆုပေါင်း ၁၂ ဆုကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အကယ်ဒမီပေးပွဲကို ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ထုတ်လုပ်သူတွေ ကဏ္ဍပေါင်းစုံသူတွေကို ဂုဏ်ပြုဆုတွေလည်းပေးအပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *