October 18, 2024

၁၇. ၂. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့အတွက် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို လေ့လာခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းအမှားများ၊ ထင်မြင်သုံးသပ်ချက်များ အပေါ်တွင် အခြေခံ၍ သွေးထိုးလှုံ့ဆော်မှုများရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွှေတိဂုံစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို) မှ အဖွဲ့ဝင်များနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်စေခဲ့ပြီး ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန် ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ YMBA အသင်းကြီးအနေဖြင့်လည်း ဗလငါးတန်ပြည့်ဝအောင် ဆောင်ရွက်ရာတွင် အဆိုပါအချက်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ YMBA အသင်းကြီးအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက ဘာသာသာသနာအရေ ဆိုသည်ထက် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးဖြစ်သည့် လူမှုရေးကို အခြေခံသည့် အမျိုးသား‌ရေးအဖွဲ့အစည်းဖြစ်ပြီး ကာယ၊ ဉာဏ၊ စိတ္တ အားများဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွင် တည်ဆောက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ် အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ထုတ်ပြန်ထားသည့် ဥပဒေကို လေ့လာခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းအမှားများ၊ ထင်မြင်သုံးသပ်ချက်များအပေါ်တွင် အခြေခံ၍ သွေးထိုးလှုံ့ဆော်နေသည်များရှိကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခုအခါစစ်မှုထမ်းဟောင်းများမှ တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုသူများရှိသကဲ့သို့ စစ်မှုထမ်း မဟုတ်သော်လည်း တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင်လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများ များပြားစွာရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်းညီညွတ်သော ပေါင်းစည်းစွမ်းအား (Well Organize) ဖြစ်အောင် နိုင်ငံ တော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) အနေဖြင့်လည်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ စောင့်ရှောက်ရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *