October 18, 2024

၁၇.၂.၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စု၊ ပုသိမ်-မုံရွာကားလမ်းအနီး လျှိုထဲတွင် လွန်ခဲ့သော ၃ ရက်ခန့်က ဦးခေါင်းဒဏ်ရာဖြင့် အသတ်ခံရသော ၄ တန်းကျောင်းသူအမှုနှင့်ပတ်သက်၍ ကျုးလွန်သူကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အသတ်ခံရသူမှာ အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်း သူဖြစ်​ပြီး ပန်းတောင်းမြို့နယ်၊ ကျီပင်ကျေးရွာအုပ်စု၊ကျောက်ညပ်တဲစုရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ဦးခေါင်းပေါက်ပြဲ၊ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသော မိန်းကလေး၏ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏နံဘေးတွင်ဝါးဆစ်ပိတ်တုတ်တစ်ချောင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သည်။

မိန်းကလေး မသေဆုံးမီ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်း စာမေးပွဲဖြေအပြီး အိမ်သို့ပြန်လာစဥ် မိသားစုနှင့်အတူ ထမင်းစားပြီးနောက် အိမ်အလည်သွားမည်ဟုဆိုကာ ထွက်ခွာသွားခဲ့သည်။

ယင်းနောက် မိသားစုဝင်များက ပြန်မလာသေးသဖြင့် အိမ်နီးချင်းများကို မေးမြန်းရာမှ ရွာမြောက်ဘက်သို့ ထွက်သွားသည်ဟု သိရသဖြင့် လိုက်လံရှာဖွေရာမှ သေဆုံးနေသော မိန်းကလေးကိုသာ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် ၄ တန်းကျောင်းသူ အသတ်ခံရမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ကာ စုံစမ်းစစ်ဆေးနေကြောင်း ဥသျှစ်ပင်နယ်မြေရဲစခန်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *