October 18, 2024

၁၇.၂.၂၀၂၄
Translated by Htwe Ko Tun

အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့တွင် ကုန်ပဒေသာတိုက်ကြီးတစ်ခု ဆောက်လုပ်နေသော လုပ်ငန်းခွင်၌ ဖေဖော်ဝါရီ ၁၆ ရက်က လုပ်ငန်းခွင်မတော်တဆထိခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးအလုပ်သမားသုံးဦးသေဆုံးပြီး အခြားနှစ်ဦးမှာပျောက်ဆုံးနေကြောင်း ဒေသတာဝန်ရှိသူများက ပြောခဲ့ကြသည်။

မတော်တဆဖြစ်မှုမှာဆောက်လုပ်ဆဲအဆောက်အအုံ၏ ကြမ်းခင်းပြားတစ်ချပ်ပေါ်ရှိ ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မတစ်ခု ပြိုလဲကျခဲ့ရာမှ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ဒေသခံ အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအသင်းများက ပျောက်ဆုံးနေသူများကိုလည်း ရှာဖွေလျက်ရှိပြီး သေဆုံးသူအရေအတွက် မြင့်တက်လာမည်ကိုလည်း စိုးရိမ်နေရကြောင်းသိရသည်။

မတော်တဆမှုတွင် အဆောက်အအုံ၏ ပြိုကျအပျက်အစီးများအောက်မှ ဆွဲထုတ်ခဲ့ကြရသော အခြား အလုပ်သမားသုံးဦးကိုလည်း ဆေးရုံများသို့ ချက်ချင်းတင်ပို့ခဲ့ပြီး ၎င်းတို့မှာ ရရှိဒဏ်ရာများပြင်းထန်ကြသော်လည်း အသက်အန္တရာယ်ကိုမူ စိုးရိမ်ကြရခြင်းမရှိဟု သိရသည်။ အချင်းဖြစ်ပွားရာ တာ့စ်ကာနီဒေသကြီး၏ဒေသအစိုးရ သမ္မတ ယူဂျီနီယို ဂီယာနီက မတော်တဆမှုဖြစ်ပွားစဉ်လုပ်ငန်းခွင်၌ လူ ၅၀ ခန့် အထိရှိနေခဲ့ကြောင်း၊ သို့သော်လည်း ပြိုကျမှုအနီးတွင် အလုပ်သမား ရှစ်ဦးသာရှိနေခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

အဆိုပါကုန်ပဒေသာတိုက်ကြီးက အီတလီနိုင်ငံ Esselunga Chain ကုန်တိုက်လုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ခုဟုလည်းဆိုသည်။

အီတလီနိုင်ငံ၏ အကြီးမားဆုံးအလုပ်သမားသမဂ္ဂကြီးသုံးခုဖြစ်သော CGIL, CISL နှင့် UIL တို့က မတော်တဆမှု ဖြစ်ပွားအပြီးတွင် တာ့စ်ကာနီ ၌ အလုပ်သမားများအတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း၍ စိတ်ချလုံခြုံမှုရှိသည့်အခြေအနေများရရှိစေရေး တောင်းဆိုရန် ဆန္ဒပြပွဲပြုလုပ်ရေးကို စီစဉ်လျက်ရှိကြသည်။ ၎င်းတို့၏ ပူးတွဲကြေညာချက်၌ ခက်ခဲ၍ အန္တရာယ်များသော လုပ်ငန်းခွင် အခြေအနေများအကြားတွင် အီတလီ အလုပ်သမားများ အလုပ်ခွင်နေရာများ၌သေဆုံးမှုများတိုးပွားလာမှုကိုရှုတ်ချခဲ့ပြီး ‘လုပ်ငန်းခွင်၌သေဆုံးမှုမရှိရေး’ တောင်းဆိုခဲ့ကြသည်။

Ref -Fox News

Leave a Reply

Your email address will not be published. Required fields are marked *