MT News
Written by Thettant
ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ ဝင်ရောက်နိုင်ရန်နှင့် သွားရောက်အလုပ်လုပ်ကိုင်ရန် အဓိကကျသည့် JLPT စာမေးပွဲအား ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
JLPT 2022 December စာမေးပွဲကို ဒီဇင်ဘာ ၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့ရှိကျောင်းများ၊ တက္ကသိုလ်များတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖြေဆိုသူအများအပြားရှိခဲ့ခြင်းကြောင့် ယာဥ်ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
“ရွာသာကြီးမှာဆို မနက် ၄ နာရီကတည်းက လာစောင့်နေကြတာ။ အကြီးဆုံးစာဖြေသူဆို အသက် ၃၅ နှစ်လောက်အထိပါသလို သားသမီးကို စိတ်မချလို့ လိုက်ပို့တဲ့ မိဘတွေလည်း ပါလာတယ်။ တစ်မနက်လုံးကားပိတ်နေတာ” ဟု JLPT စာမေးပွဲဖြေဆိုသူ ရင်သွေးငယ်အား လာရောက်စောင့်ဆိုင်းသူမိဘတစ်ဦးက MT News သို့ ပြောသည်။
ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရေးအဓိကကျသည့် JLPT (Japanese Language Proficiency Test) N1, N2, N3, N4, N5 Level များအတွက် မြန်မာနိုင်ငံ၏ စာဖြေဌာနနှစ်ခုဖြစ်သော ရန်ကုန်နှင့် မန္တလေးရှိ စာဖြေဌာနများတွင် Level အသီးသီးသို့ တစ်နိုင်ငံလုံးမှ ဝင်ရောက်ဖြေဆိုသူ သောင်းနှင့်ချီရှိခဲ့သည်။
“ဒီနိုင်ငံမှာက ဘာမှဖြစ်လာမှာမဟုတ်တော့ဘူး။ အဲဒါကြောင့် ဂျပန်ကိုသွားဖို့ ကြိုးစားနေရတာ။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ဖြေဖို့ လျှောက်လွှာဝယ်တုန်းကလည်း ခက်ခက်ခဲခဲဝယ်ခဲ့ရတာ။ အခုလည်း မနက်ငါးနာရီလောက်ထလာတာတောင် ကျောင်းနားရောက်လေ ကားပိတ်လေနဲ့။ အကုန်လုံးကလည်း သူလိုကိုယ်လိုချည်း ပြည်ပပဲထွက်ချင်နေကြတာ” ဟု N4 ဖြေဆိုသူတစ်ဦးက ပြောသည်။
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ ၆၅ ခုတွင် တစ်နှစ်နှစ်ကြိမ် တစ်ပြိုင်နက်ကျင်းပသော JLPT စာမေးပွဲတွင် မြန်မာနိုင်ငံသည် ဝင်ရောက်ဖြေဆိုမှုအများဆုံးထိပ်တန်းနိုင်ငံဖြစ်သည်။ JLPT သည် ဂျပန်တွင်ဆက်လက်ပညာသင်ကြားခြင်း၊ ဂျပန်သို့ပညာသင်ဆုလျှောက်ထားခြင်း၊ ဂျပန်ကုမ္ပဏီများတွင် အလုပ်လျှောက်ထားခြင်းများတွင် အရေးပါသည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲလက်မှတ်လည်းဖြစ်သည်။