October 18, 2024

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်(ဝဲ) နှင့်နယူးယော့ခ်ပြည်နယ်၊ မန်ဟတ်တန် တရားရုံးချုပ် တရားသူကြီး အာသာ အန်ဂိုရွန် တို့ကို တွေ့ရစဉ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ပိုင်ဆိုင်မှုများ၏တန်ဖိုးကိုအဆမတန်ချဲ့ကားပြောခဲ့သည်ဆိုကာ နယူးယော့ခ်တရားရုံးက ပြည်နယ်အတွင်း စီးပွားရေးလုပ်ခွင့်ပိတ်ပင်

၁၇. ၂. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ်၊ မန်ဟတ်တန် တရားရုံးချုပ် တရားသူကြီး အာသာ အန်ဂိုရွန် က ဆယ်စုနှစ်တစ်ခုကြာကာလအတွင်း သမ္မတဟောင်းဒေါ်နယ်ထရန့်အနေနှင့် ဘဏ်များနှင့် အာမခံလုပ်ငန်းများကို လိမ်လည်လှည့်ဖြားနိုင်ရန် ၎င်း၏ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတန်ဖိုးများကို ဘီလျံနှင့်ချီ ၍ တိုးမြှင့်ပြခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဆိုကာ ပြည်နယ်အတွင်းတည်ရှိသော စီးပွားရေးလုပ်ငန်း တစ်စုံတစ်ရာ၌ အရာရှိ (သို့မဟုတ်) ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခွင့်အား သုံးနှစ်ကြာပိတ်ပင်ကြောင်း ပြစ်ဒဏ်ကို ဖေဖော်ဝါရီ ၁၆ ရက်က ချမှတ်ခဲ့သည်။

ထို့ပြင် တရားသူကြီးက ထရန့်၏ အကြီးဆုံးသားနှစ်ဦးကိုလည်း နယူးယော့ခ်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများ၌လုပ်ကိုင်ခွင့်အား နှစ်နှစ်ပိတ်ပင်ခဲ့ပြီး တစ်ဦးလျှင် ဒေါ်လာလေးသန်းစီဒဏ်ကြေးပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အဆိုပါစီရင်ချက်က လာမည့်အနာဂတ်ကာလအတွင်း ထရန့်၏မိသားစုအဖွဲ့ဝင်မည်သူမဆို တစ်ဦးဦးအနေဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲများဖြစ်စေမည်ဖြစ်သည်။ပြစ်ဒဏ်ချမှတ်ခံရသော ထရန့်၏ဒုတိယသားဖြစ်သူ အဲရစ် ထရန့် ဆိုလျှင် Trump Organization တွင် အမှုဆောင်အရာရှိချုပ်အဖြစ်ဆောင်ရွက်နေသူလည်းဖြစ်သည်။

ထိုဖြစ်ရပ်အတွက် Trump Organization နှင့် ၎င်း၏ အမှုဆောင်အချို့အပါအဝင် တရားခံအားလုံးက လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၆၄ သန်း၊ အတိုးများပါပါလျှင် စုစုပေါင်းဒေါ်လာသန်း ၄၅၀ ကို လျော်ကြေးပေးဆောင်ကြရမည်လည်းဖြစ်သည်။

ထရန့်အနေဖြင့် ၎င်း၏ Mar-a-lago စံအိမ်နှင့် ထရန့်တာဝါ (Trump Tower)တို့ကဲ့သို့ ပိုင်ဆိုင်မှုများ၏ ငွေကြေးတန်ဖိုးကို ငွေကြေးဆိုင်ရာအမှုတွဲများဖွင့်ရာတွင်အဆမတန်ချဲ့ကားပြောခဲ့သည်ဟုတရားသူကြီး အန်ဂိုရွန် က ပြောခဲ့သည်။

ဆယ့်တစ်ပတ်ကြာ ပြုလုပ်ခဲ့သည့် တရားရုံးစစ်ဆေးမှုက ဒေါ်နယ်ထရန့်နှင့် တရားသူကြီးအန်ဂိုရွန်တို့အကြား ပဋိပက္ခအကြိမ်ပေါင်းများစွာ ဖြစ်ပွားစေခဲ့သည်ဟုလည်း ဆိုရမည်ဖြစ်သည်။ အောက်တိုဘာလအတွင်းကလည်း တရားသူကြီး၏ စာရေးဖြစ်သူ အယ်လီဆန် ဂရင်းဖီးလ် ကို ချိုးနှိမ်ကာ တရားရုံးအမိန့်တစ်ခုကို မထီမဲ့မြင်ပြုခဲ့မှု ကြောင့်ဟုဆိုကာ ထရန့်အား ဒေါ်လာ ၁၅,၀၀၀ ဒဏ်ရိုက်ခဲ့သေးသည်။

အဲရစ်ထရန့် နှင့်ဒေါ်နယ်ထရန့်ဂျူနီယာတို့၏ရှေ့နေ ကလစ်ဖို့ဒ် ရောဘတ်က တရားရုံးဆုံးဖြတ်ချက်က မျှတမှု လုံးဝမရှိဟုပြောခဲ့သည်။ အလားတူပင် ထရန့်၏ အခြားရှေ့နေတစ်ဦးဖြစ်သည့် ခရစ် ကီးစ်က “တရားရုံး ဟာ ဥပဒေကို လျစ်လျူရှုခဲ့တယ်။ အချက်အလက်အမှန်တွေကို ဥပေက္ခာပြုခဲ့တယ်” ဟု စီရင်ချက်အပေါ် ဝေဖန်မှု ပြုခဲ့သည်။

ထရန့်၏ရှေ့နေများက အိမ်ခြံမြေတန်ဖိုးဖြတ်ပြောကြားမှုများတွင် အမှားအယွင်း မရှိကြောင်းကို ပြောကြားခဲ့ကြ သည်။ ထရန့်၏ရှေ့နေ အလီနာ ဟတ်ဘာက တရားရုံးဆုံးဖြတ်ချက်မှာ မျှတမှုမရှိသည်ကို ထင်ရှားပေါ်လွင် လျက်ရှိပြီး အယူခံတွင် မိမိတို့ဘက်က ပြန်လည်အနိုင်ရရန်လုံးဝ ယုံကြည်ပါကြောင်း ပြောခဲ့သည်။

Ref- NY Times

Leave a Reply

Your email address will not be published. Required fields are marked *