October 18, 2024

၁၇. ၂. ၂၀၂၄
Written By Thandar

နာမည်ကျော် တေးရေးဆရာကြီး ဒီနေ့ပုဏ္ဏက(ခ)ဦးကိုလေး(အသက် ၈၁ နှစ်)ကတော့ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လည် ၁၂ နာရီ ၁၀ မိနစ်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေလမင်းဆေးရုံ ICU မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

“အရေးပေါ်အခြေအနေနဲ့ ရွှေလမင်းဆေးရုံမှာ တင်ထားတာ။ ဒီနေ့ နေ့လည်ပိုင်းက ရွှေလမင်းဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ သူကတော့ ကျန်းမာရေးမကောင်း ဖြစ်နေတာတော့ ကြာပါပြီ။ အဆုတ် သိပ်မကောင်းဘူးတော့ သိရပါတယ်။ အသက်အရွယ်လေးလည်း ရလာတော့ ဘယ်လိုရောဂါနဲ့ဆုံးတယ်ဆိုတာတော့ သေချာမသိဘူး။ ထင်ရှားကျော်ကြားတဲ့ ခေတ်ပေါ် မြန်မာသံ တေးသီချင်းတွေနဲ့အောင်မြင်တဲ့ တေးသံရှင်တွေများစွာ မွေးထုတ်ပေးခဲ့တဲ့ တေးရေး ပညာရှင်ကြီးဖြစ်တဲ့ အတွက်လည်း အထူးပဲ နှမြောတသစိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။ဘဘတို့ ဂီတလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂီတပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူက ဘုရားတရားအရမ်းလုပ်တဲ့သူပါ။ စိတ်ထားလည်း အရမ်းကောင်းပါတယ် ”လို့ မြန်မာနိုင်ငံဂီတအ စည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်က MT Entertainment ကို ပြောပါတယ်။

သူဟာ ဒီကဖြင့် ချစ်လိုက်ရတာ ၊ တိမ်ပလီနွေနှောင်း ၊ ရွှေပင်ဆင့် ၊ လက်ညိုးပေါင်းတစ်ထောင် မျက်လုံးပေါင်းတစ်သိန်း ၊ နှင်းပွင့်လေးများနှင့်အပြိုင် စတဲ့ ပရိသတ်များစွာရဲ့ နှုတ်ဖျား စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ စတီရီယို ခေတ်ပေါ်သီချင်းပေါင်းများစွာကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

တေးရေးပညာရှင်ကြီး ဒီနေ့ပုဏ္ဏက ဘဝတစ်ပါးသို့ပြောင်းရွှေ့သွားတဲ့အပေါ် ဂီတအသိုင်းအဝိုင်းတစ်ခုလုံးက ဝမ်းနည်းကြေကွဲနေကြတာလည်းဖြစ်ပြီး တေးရေး ဒီနေ့ပုဏ္ဏကခေါ် ဦးကိုလေး အေးချမ်းရာမှာအနားယူနိုင်ပါ စေလို့ဆုတောင်း မေတ္တာပို့ပေးနေကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *