October 23, 2024

မီးလောင်မှုအား တာဝန်ရှိသူများ ငြှိမ်းသတ်နေစဥ်

MT News

Written by Naing Thuta

ရွှေဘိုမြို့နယ်တွင် ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည်ပိုင်းက စပါးခွံများအားမီးရှို့ခဲ့ရာ ကိုင်းပင်များသို့ကူးစက်ခဲ့ပြီး ပစ္စည်းများသိုလှောင်ထားသည့် အဆောက်အဦသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရွှေကော့ကျေးရွာရှိ အသက် ၃၅ နှစ်အရွယ် ဦး……..သည် ဒီဇင်ဘာ ၄ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်က စပါးခွံများအားမီးရှို့ခဲ့ရာ ကိုင်းပင်များသို့ကူးစက်ခဲ့ပြီး ပစ္စည်းများသိုလှောင်ထားသည့် အဆောက်အဦသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုမှုအရ သိရသည်။

“ရွှေကော့ရွာမှာ မီးလောင်နေတယ်လို့ မီးလောင်မှုဖြစ်တဲ့ပိုင်ရှင်ကိုယ်တိုင်ဖုန်းဆက်အကြောင်းကြားလို့ ၁ နာရီခွဲမှာ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀ နဲ့အတူ သွားရောက်ခဲ့တာ ၁ နာရီ ၄၅ မိနစ်လောက်မှာ မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီမှာ မီးငြိမ်းသွားတယ်။ စပါးခွံတွေကို မီးစရှို့ရာကနေ ပစ္စည်းသိုလှောင်ထားတဲ့ ကြက်ခြံအဆောက်အဦကိုလောင်ခဲ့တာပါ” ဟု ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးက ပြောသည်။

အဆိုပါမီးလောင်မှုကို ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် ၂၀ ဦး၊ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ရွှေဘိုခရိုင်လှုမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး၊ ကျေးရွာနေပြည်သူလူထု ၂၀ ဦး၊ စုစုပေါင်း ၄၇ ဦးတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

၎င်းမီးလောင်မှုကြောင့် သွပ်မိုး၊ သွပ်ကာမြေစိုက်ပစ္စည်းများသိုလှောင်ထားသည့် အဆောက်အဦ ၁ လုံးနှင့်အတွင်းရှိတောင်သူသုံး ရေပိုက်လိပ်အပြာ (၈၀၀)လိပ်ခန့်၊ ဂျပ်ဖာ(၁၅၀)ဖာခန့် မီးလောင်ကျွမ်းသွားကာ ဆုံးရှုံးမှုကာလတန်ဖိုး ၄၈ သိန်းခန့် ဆုံးရှုံးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

မီးပေါ့ဆစွာသုံးစွဲသူ အဆိုပါအမျိုးသားအား ရွှေဘိုမြို့နယ် မြို့မရဲစခန်းမှ (ပ)၂၇၃/၂၀၂၂၊ ပြစ်မှုပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *