October 18, 2024

၁၇. ၂. ၂၀၂၄
Written by Nay Moe

ထော်လာဂျီ(ဂွန်ဒေါင်း)ပေါ်မှ အမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ PDF များက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်စဥ် နံဘေးမှအရပ်သားတစ်ဦးပါ ကျည်ထိမှန်ပြီး နှစ်လောင်းပြိုင် သေဆုံး၍ ဝမ်းနည်းရကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကဝ ပကဖ) က တောင်းပန်ချက်ထုတ်ပြန်ထားသည်။

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝ၊ပကဖ) သည် သပြေညိုမြို့ပြစစ်ဆင်ရေး(၆)အဖြစ် ဖေဖော်ဝါရီ (၁၂)ရက် နံနက်(၉)နာရီ (၄၅)မိနစ်ခန့်တွင် သက္ကလ – သရက်ကုန်းချောင်းရိုးတလျှောက်ရှိ ဝက်တဲကွေ့နှင့် ပျော်ဘွယ်ရွာအကြား၌ ဂွန်ဒေါင်းပေါ် လိုက်ပါစီးနင်းလာသော စစ်ရေးပစ်မှတ်(၁)အဖြစ် သေချာစိစစ် အတည်ပြုထားသည့် ရွှေပေါက်ပင်ကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့၏ အကြီးစားထောက်တိုင် ပျူစောထီးခေါင်း‌ဆောင် သတင်းပေးလမ်းပြအဖြစ် သတ်မှတ်ထားသည့် ဦးမောင်မောင်အိ (ခ) မောင်အိကို PDF များက ဆိုင်ကယ်ဖြင့် လိုက်လံသတ်ဖြတ်ခဲ့သည်။

ဦးမောင်အိသည် တပ်၏ အကြီးစားထောက်တိုင် သတင်းပေးလမ်းပြ ပျူစောထီး ခေါင်းဆောင်အဖြစ် ‌ရွှေပေါက်ပင်ရွာမှ ၎င်း၏အပေါင်းအပါ ပျူစောထီးများ၊ အနီးအနားရွာများမှ ပျူစောထီး အုပ်ချုပ်ရေးမှူးများ၊ သရက်ကုန်းရွာရှိ စစ်သားများ၊ ကဒါတ်စိန်ရဲစခန်းမှ ရဲများနှင့် ပူးပေါင်းကာ PDF များ၏ သတင်းကိုလိုက်လံစုံစမ်းနေ၍ ဦးမောင်အိအား စစ်ရေးပစ်မှတ်(၁)အဖြစ် စိစစ်အတည်ပြု၍ သပြေညိုမြို့ပြစစ်ဆင်ရေး(၆)အနေဖြင့် ဂွန်ဒေါင်းပေါ်၌ ၎င်းစီးနင်းလိုက်ပါလာစဉ် PDF များက ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် လိုက်လံပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ထိုသို့ လိုက်လံပစ်ခတ်ရှင်းလင်းရာတွင် ရွေ့လျားပစ်မှတ်အား ပစ်ခတ်ရခြင်း၊ စစ်ရေးပစ်မှတ်နှင့် နီးကပ်စွာ ရှိနေခြင်းများကြောင့် ဦးမောင်အိနှင့်အတူ ဂွန်ဒေါင်းပေါ်၌ လိုက်ပါလာသော ရွှေပေါက်ပင် ကျေးရွာမှ အရပ်သား ကိုအောင်သူမှာ မတော်တဆ ကျည်ထိမှန်၍ ပဲခူးဆေးရုံသို့ ပို့ဆောင်ရင်း လမ်းခုလတ်၌ အသက်ဆုံးပါးခဲ့ရကြောင်း ကြားသိရသည့်အတွက် ကဝပကဖအနေဖြင့် ၎င်း၏မိသားစုနှင့် ထပ်တူထပ်မျှ လွန်စွာဝမ်းနည်းကြေကွဲရပြီး အရပ်သား ကိုအောင်သူ မတော်တဆ (မတော်တဆ) အသက်ဆုံးရှုံးခဲ့ရသည့်အတွက် လွန်စွာယူကျုံးမရ ဖြစ်ရကြောင်း၊ ၎င်း၏မိသားစုအား အနူးအညွတ် လေးလေးနက်နက် ဝန်ချတောင်းပန်အပ်ကြောင်း၊ ယခုဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် တော်လှန်ရေးကာလ၊ ကြားကာလ၊ အသွင်ကူးပြောင်းရေးကာလ မည်သည့်ကာလ၌ဖြစ်စေ ကြည်ဖြူစွာ အစစ်ဆေးခံမည်ဖြစ်ပြီး အပြစ်ရှိခဲ့ပါက တရားဥပဒေ၏ ဆုံးဖြတ်ချက်များကို လက်ခံမည်ဖြစ်ကြောင်း ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *