October 23, 2024

ထီးချိုင့်မြို့နယ် အလယ်တောရွာ မီးရှို့ဖျက်ဆီးခံရမှုမြင်ကွင်း

MT News

Written by Nay Moe

စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ကချင်တို့တွင် KIA နှင့် PDF များက နေအိမ် ၇၉၁ လုံးမီးရှို့ခဲ့ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယမန်နေ့ညတွင် ကြေညာသည်။

KIA နှင့် PDF များက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂ဝ၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၅၁၃ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂ဝ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃ဝ လုံး မီးလောင်ပျက်စီးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာအတွင်း၌ KIA နှင့် PDF များ ဝင်ရောက် နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ် အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၈ ရက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါ ကျေးရွာများသို့သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့နှင့် PDF များက လက်နက်ကြီးလက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါအဖွဲ့များသည် ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားစဉ် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၂၅၀ လုံး မီးလောင် ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

အလားတူ ထီးချိုင့်မြို့ နယ်၊ အင်းတိန်ကျေးရွာသို့ နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA နှင့် PDF များက လက်နက်ကြီးလက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယင်းအဖွဲ့များသည် ကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားစဉ် အင်းတိန်ကျေးရွာနှင့် လမ်းတစ်လျှောက်ရှိ လေသာကုန်းကျေးရွာရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၀၈ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်ဟု ဆိုသည်။

လက်ရှိတွင် KIA အဖွဲ့နှင့် PDF များ၏ နေအိမ် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် မီးဘေးသင့်ပြည်သူများသည် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဆွေမျိုးများ၏ နေအိမ်များ၌ နေထိုင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *