၁၆.၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆူခွန်ဗစ်နယ်မြေရှိ လူနေတိုက်အဆောက်အအုံတစ်ခုတွင် ဖေဖော်ဝါရီ ၁၄ ရက်က အသတ်ဖြတ်ခံခဲ့ရသော မြန်မာစီးပွားရေးလုပ်ငန်းရှင်အား သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်ဟု သံသယရှိရသော နိုင်ငံခြားသားနှစ်ဦးကိုဖမ်းဆီးရမိရေးအတွက် ထိုင်းရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်) နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါနိုင်ငံခြားသားနှစ်ဦးက မူလကသတင်းများတွင် ဖော်ပြသလို စကော့လူမျိုးနှစ်ဦးမဟုတ်ဘဲ ကင်မရွန်းနိုင်ငံသားနှစ်ဦးဖြစ်ကြကာ အသတ်ခံရသူစီးပွားရေးလုပ်ငန်းရှင်ထံမှ ဘတ်ငွေ ငါးသန်းကိုယူ၍ စင်ကာပူသို့ လေကြောင်းဖြင့်ထွက်ပြေးခဲ့ကြခြင်းဟု စုံထောက်များက ဖေဖော်ဝါရီလ ၁၅ ရက်က ပြောခဲ့ကြသည်။
ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးမှာ ဝီလီယမ်ခေါ် အသက် ၃၂ နှစ်ရှိ ရောဘင်ဆန် ဆာဟားစ်နှင့် ဂျွန်ဟုခေါ်သော အသက် ၃၆ နှစ်ရှိ ဗစ်ဆီယိုဒီလော့ဒ် မန်ဂိုင်းကမ်တို့ဖြစ်သည်ဟု ပြောခဲ့သည်။ ၎င်းတို့နှစ်ဦးက ကမ္ဘာလှည့်ခရီးသွားများအသွင်ဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာခဲ့ကြကာ ဆာသုန်ခရိုင်၏ သွန်မာဟာမက် နယ်မြေရှိ တိုက်တန်းလျားတစ်ခုတွင် နေခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးအား ဖေဖော်ဝါရီ ၁၄ ရက် နံနက်အစောပိုင်းနာရီများတွင် အသက် ၅၀ ကျော်အရွယ်ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင် အသတ်ခံရသော ဆူခွန်ဗစ်နယ်မြေရှိ ကွန်ဒိုအဆောက်အအုံအတွင်းမှ ထွက်လာခဲ့ကြသည်ကို တွေ့ခဲ့ကြရ သည်။ ၎င်းတို့က သွန် မာဟာမက် နယ်မြေရှိ ၎င်းတို့၏ တိုက်တန်းလျားသို့ ပြန်သွားကြကာ အငှားယာဉ်တစ်စီးခေါ်၍ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၅ နာရီလေယာဉ်ဖြင့် ဒွန်မောင်းလေဆိပ်မှ စင်ကာပူသို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်မှာ ဘန်ကောက်မြို့၊ ကလုံတွိုင်ခရိုင်၊ ဆူခွန်ဗစ်လမ်းသွယ် ၄ ရှိ ကွန်ဒိုအဆောက်အအုံ၏ ၂၃ ထပ်မြောက်အခန်းထဲတွင် မျက်နှာ၊ နားများနှင့်ခေါင်းတို့တွင်ဒဏ်ရာများဖြင့် သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို ရဲတပ်ဖွဲ့ရောက်ရှိသွားသော နံနက် ၁း၃၀ နာရီအချိန်တွင် တွေ့ကြရသည်။
ရဲတပ်ဖွဲ့က လူသတ်တရားခံနှစ်ဦးကိုဖမ်းမိရေးအတွက် အင်တာပိုလ်သတိပေးချက်ဖြင့် ရရှိရှာဖွေနိုင်ရန် သံရုံးတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်နေကြောင်း သတင်းအရင်းအမြစ်တစ်ခုကဆိုသည်။
အဖြစ်အပျက်တွင် တစ်ဦးတည်းသော မျက်မြင်မှာလည်းအသတ်ခံရသူမြန်မာလုပ်ငန်းရှင်၏ မွေးစားမိခင်ဟုဆိုသည့်အမျိုးသမီးဖြစ်ပြီး ရဲတပ်ဖွဲ့သို့စကားပြန်တစ်ဦးမှတစ်ဆင့် လူသတ်သမားနှစ်ဦးက သူမ သတိလစ်ကာ မူးမေ့လဲသွားသည်အထိ သူမ၏ လည်မျိုကို ညှစ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ စီစီတီဗီ လုံခြုံရေးကင်မရာမှ ရိုက်ကူးချက်များကိုစစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည ၁၀း၂၂ နာရီနှင့် ၁၀း၃၃ နာရီ တို့အကြားတွင် တိုက်ခန်းထဲတွင် လူလေးဦးရှိကြောင်း၊ ၎င်းတို့မှာ အသတ်ခံရသည့် စီးပွားရေးလုပ်ငန်းရှင်၊ မွေးစားမိခင်အမျိုးသမီးကြီးနှင့် ဂျွန်နှင့်ဝီလီယမ်ဟုဆိုကြသည့် လူသတ်သမားဟု မသင်္ကာရသူနှစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့သည်။
အဆိုပါဗီဒီယိုက မိခင်အမျိုးသမီးက ည ၁၁ နာရီတွင် လုံခြုံရေးအစောင့်အား သွားရောက်အကြောင်းကြားပြီး အခန်းထဲတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်မှာလဲကျသေဆုံးနေသည်ကို ရိုက်ပြခဲ့သည်။ မိခင် အမျိုးသမီးမှာ သတိလစ်နေရာမှ သတိပြန်လည်ရချိန်တွင် သားဖြစ်သူ အသတ်ခံထားရသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် အချင်းဖြစ်ပွားရာနေရာ၌ ခရီးဆောင်အိတ်နှစ်အိတ်ကို တွေ့ခဲ့ရသည်။ တစ်အိတ်တွင်သေဆုံးသူ၏စာရွက်စာတမ်းများတွေ့ရပြီး နောက်တစ်အိတ်တွင် အဝတ်အစားအိတ်တစ်အိတ်ကို တွေ့ခဲ့ရသည်။
အသတ်ခံရသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်က ဖေဖော်ဝါရီ ၇ ရက်ကပင် အဆိုပါတိုက်ခန်း၌ ရောက်ရှိနေထိုင်ခြင်းဖြစ်ကာ ထိုင်းနိုင်ငံသို့ မကြာခဏလာရောက်တတ်သူဖြစ်ကြောင်း၊ ဘန်ကောက်-ရန်ကုန်နှင့် ဘန်ကောက်-ဟနွိုင်အကြား ခရီးစဉ် ၅၂ ခုရှိသည်ဟု တွေ့ရှိရကြောင်း ရဲတပ်ဖွဲက ပြောခဲ့သည်။
Ref- Bangkok Post