၁၆.၂.၂၀၂၄
translated by Htwe Ko Tun
ထိုင်းနိုင်ငံ၏ သုံဘူရီကျန်းမာရေးစောင့်ရှောက်မှု အများပိုင်ကုမ္ပဏီလီမိတက်(THG) က မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဆေးကုသမှုခံယူလာသူ ပို၍များပြားလာသောကြောင့် ၎င်းအနေနှင့် မြန်မာနိုင်ငံအတွင်း ဆေးရုံတိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။
THG က ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် လေ့လာမှုတစ်ရပ်ပြုလုပ်လျက်ရှိပြီး မကြာမီ တွေ့ရှိချက်များထုတ်ပြန်သွားမည်ဟုလည်း အမှုဆောင်အရာရှိချုပ် တာနာတစ် ဆတ်ပရာဒစ်က ပြောကြားခဲ့သည်။ လက်ရှိတွင် THG က ရန်ကုန်၌ ၉၇ ကုတင်ဆန့် ဆေးရုံတစ်လုံး ဖွင့်လှစ်ထားရှိပြီးဖြစ်သော်လည်း ရွေးကောက်ပွဲ မဲလိမ်ညာမှုများကြောင့် မြန်မာ့တပ်မတော်က ခေတ္တအာဏာထိန်းသိမ်းခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ရန် နှောင့်နှေးနေခဲ့ရသည်။
ဒေါက်တာ တာနာတစ်က “အထူးသဖြင့်ကျပ်ငွေရဲ့တန်ဖိုးက ဘတ်ငွေနဲ့လဲလှယ်ရာမှာ နိမ့်ကျလာခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအတွက် လိုအပ်မှုတွေ တိုးပွားလာနေတယ်” ဟု ပြောခဲ့သည်။
THG အနေဖြင့် ဆေးရုံကုတင်များတိုးချဲ့သွားရန်စီစဉ်လျက်ရှိပြီး လူနာများသို့လည်း ကုသစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းအသစ်များ ပြုလုပ်သွားမည်ဟုဆိုသည်။ ဒေါက်တာ တာနာတစ်က မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တိုးတက်လာရန်အလားအလာရှိသည်ဟု ယုံကြည်ကြောင်း၊ သို့သော် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုရှိနေကြောင်း ပြောခဲ့သည်။
THG က အရိုးရောဂါနှင့်ပတ်သက်၍ ကုသခံလိုသူ တိုးပွားလာမှုကြောင့် ဗီယက်နမ်နိုင်ငံ၌လည်း အရိုးရောဂါအထူးကုဆေးရုံတစ်ရုံတည်ဆောက်ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။ ထို့ပြင် THG က ဗီယက်နမ်နိုင်ငံတွင် ချမ်းသာသောဆေးကုသခံယူလိုသူများအတွက် ဘတ်သန်း ၁၇၀ ကုန်ကျမည့်ဆေးရုံ ဆောက်လုပ်ရေးလုပ်ငန်းကို ဗီယက်နမ်နိုင်ငံ၏ အိမ်ခြံမြေအကျိုးတော်ဆောင်ကုမ္ပဏီ IFF လုပ်ငန်းစုနှင့် Mithmitree ဆေးရုံတို့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ယခင်ကပြောခဲ့သေးသည်။
THG က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များအတွက် ဘတ်ငွေ ငါးဘီလျံလျာထားကြောင်း ၂၀၂၃ ခုနှစ်အတွင်းက ပြောခဲ့သည်။ THG က ထိုင်းနိုင်ငံအတွင်း၌လည်း ဆေးရုံ ၁၀ ရုံ ပိုင်ဆိုင်ထားပြီးဖြစ်ကာ စုစုပေါင်းလူနာကုတင် ၁,၅၂၀ ရှိပြီဟုလည်း သိရသည်။
Ref- Bangkok Post