၁၆.၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကျွန်းကုန်းကျေးရွာ၊ စိုက်ပျိုးရေး ရေပေးဆည်မြောင်းအတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၉ နာရီခန့်က သေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ်ခန့်ရှိပြီး ရေနစ်သေဆုံးခဲ့သည်ဟု ယူဆရကြောင်း၊ လတ်တလောတွင် ပိုင်ရှင်မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဆယ်ယူခဲ့သည့် ကရုဏာရှင် အခမဲ့ နာရေးကူညီမှုအသင်းထံမှ သိရသည်။
သေဆုံးနေသော အမျိုးသားအလောင်းကို ကရုဏာရှင် အခမဲ့ နာရေးကူညီမှုအသင်းဝင်များက ဝိုင်းဝန်းဆယ်ယူပေးခဲ့ပြီး လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရကာ ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်း ဧရာဝတီမြစ်ကမ်း သဲသောင်ပြင်တွင် ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီကျော်က အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သိရသည်။
အဆိုပါအမျိုးသားအလောင်းမှာ အသက် ၆၀ ခန့်အရွယ်ရှိပြီး မြစ်ထဲမှမျောလာကာ ကမ်းစပ်သို့ တင်ကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလောင်းက ရေနဲ့မျောလာတာ၊ ပုပ်ပွနေတဲ့အခြေအနေတော့ မဟုတ်သေးပေမယ့် အနံ့တော့ ထွက်နေပြီ။ သောင်စပ်မှာဆိုတော့ လမ်းလျှောက်သွားပြီး အလောင်းကို ဆယ်ယူလာတာ၊ အခုထိတော့ ပိုင်ရှင်မတွေ့သေးပါဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို အသင်းဝင် ၆ ဦးဖြင့် ဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ခဲ့ပြီ ပရဟိတပါရမီမှ အရေးပေါ် ယာဥ်ဖြင့် ပြည်ကုတင် (၅၀၀) ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။