၄. ၁၁. ၂၀၂၂
Written by Nay Moe
ကျောင်းဆရာမအမျိုးသမီးငယ်ကို တမူးမြို့ပေါ်တွင် ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခဲ့သည့် PDF တမူး တပ်ရင်း (၄) အား စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည်ဟု NUG ၏ လူအခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။
“ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ တမူးမြို့က အဖြစ်အပျက် ဗီဒီယိုနဲ့ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်”ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ ပျံ့နှံလာသည့် အဆိုပါ ရုပ်သံဖိုင်၌ အမျိုးသမီးနှစ်ဦးပါဝင်သော PDF လူငယ် ၁ဝ ဦးခန့်က အသက် ၂၅ နှစ်ခန့် အမျိုးသမီးငယ်တစ်ဦးကို လက်ထိပ်ခတ်ကာ “ကျွန်မ ဒလန်လုပ်မိပါတယ်”ဟု အော်ခိုင်းနေသည်ကို တွေ့ရပြီး အမျိုးသမီးငယ်က “ညီမလေး ဒလန်မလုပ်ပါဘူး မမရယ်”ဟု လက်အုပ်ချီကာ တောင်းပန်နေသည်ကိုလည်း တွေ့မြင်ရသည်။ ထို့နောက် ဒလန်ဟု စွပ်စွဲသည့် PDF အမျိုးသမီးက တောင်းပန်နေသည့်အမျိုးသမီးကို ပါးရိုက်ခြင်း၊ ဆံပင်ဆွဲကာ ကန်ကြောက်ခြင်း၊ ကျန် PDF လူငယ်များက လက်သီးဖြင့်ထိုးခြင်း၊ သေနတ်ဒင်ဖြင့် ဆောင့်ခြင်းများ ပြုလုပ်သကဲ့သို့ “ငါ့အကြောင်း သိတယ်နော်” ဟု ခြိမ်းခြောက်ခြင်း၊ “တော်တော်ငွေမက်နေသလား”ဟု မေးမြန်းခြင်းများ ပြုလုပ်သည်ကို တွေ့ရကာ ရုပ်သံဖိုင်အတွင်း ဆိုင်ကယ်များစွာ ဖြတ်သန်းသွားလာနေသည်ကိုလည်း တွေ့ရသည်။
ထို့နောက် အမျိုးသမီးငယ်အား ဒူးထောက်ထိုင်ခိုင်းကာ ပစ်ခတ်သတ်ဖြတ်ရန်ပြင်စဉ် အမျိုးသမီး PDF က နောက်မှပြေးကန်သကဲ့သို့ ကျောလယ်အား သေနတ်ဖြင့် အဝေးမှ တစ်ချက်ပစ်ခတ်ပြီးနောက် သေဆုံးသွားချိန်တွင်လည်း အနီးကပ်ဦးခေါင်းအား သုံးချက်ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို တွေ့ရသည်။
“ကောင်မလေးရဲ့ ဦးလေးကိုလုပ်ချင်တာ။ အဲဒီလူကို မလုပ်ရဲတော့ လက်နက်မဲ့ကောင်မလေး တစ်ယောက်တည်းသွားတဲ့အချိန် ဝိုင်းဖမ်းပြီး ရိုက်နှက်နှိပ်စက်သတ်ဖြတ်လိုက်တာ။ အခုမှ မူဗီဖိုင်ပျံ့လာပေမဲ့တမူး PDF တပ်ရင်း (၄) က ဇွန်လကတည်းက သတ်ထားတာ”ဟု တမူးဒေသခံတစ်ဦးက ဆိုသည်။
MT News ၏ စုံစမ်းစစ်ဆေးမှုအရ PDF တမူး တပ်ရင်း (၄) က ရိုက်နှက်နှိပ်စက်ပစ်ခတ်သတ်ဖြတ်လိုက်သည့် အဆိုပါအမျိုးသမီးငယ်မှာ အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်အေးမာထွန်းဆိုသူဖြစ်ပြီး ရင်သွေးငယ်သုံးဦးရှိသူဖြစ်ကာ ဦးလေးတော်စပ်သူကို ပုဂ္ဂိုလ်ရေးအရ မကျေနပ်သဖြင့် ဒေါ်အေးမာထွန်းကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါဖြစ်စဥ်ကို ယခုနှစ်ဇွန်လအတွင်းက ကျုးလွန်ခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။
”စုံစမ်းစစ်ဆေးမှုနဲ့ ပြီးသွားရမဲ့ အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါ” ဟု ဦးအောင်မျိုးမင်းက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
NUG ၏ PDF များက ပြစ်မှုကျုးလွန်မှုများစွာရှိနေပြီး ထိုသို့ကျုးလွန်မှုများကို ထိရောက်စွာအရေးမယူနိုင်သဖြင့် ဝေဖန်ခံနေရသော NUG သည် ယင်းမာပင်တွင် လူအယောက် ၂၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် PDF များကို အရေးမယူနိုင်သကဲ့သို့ ဝက်လက်နယ်မှ ဗိုလ်ကျားကြီးအဖွဲ့ကို စွပ်စွဲသတ်ဖြတ်ထားသည့် ဝက်လက်ပကဖများကို အရေးယူမှုမပြုသဖြင့် ဒေသခံ PDF တပ်များက စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။
ထို့အတူ ဂန့်ဂေါမြို့နယ် မင်းရွာမှ ကျောင်းဆရာမ ဒေါ်ယမင်းအေးကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG Battlion- 5 Gangaw Region) မှ PDF သုံးဦးက ဒလန်ဟု စွပ်စွဲကာ ဓားဖြင့် လည်ပင်းကို ဖြတ်ပြီးနောက် ဝမ်းဗိုက်အား ဆယ်ချက်ခန့်ထပ်မံထိုးသတ်သည့် ဖြစ်စဥ်တွင်လည်း နှုတ်ဆိတ်ခဲ့သည်။