၁၆. ၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အား HD ရုပ်သံလိုင်း (၁၁) လိုင်းအထိ အဆင့်မြှင့်ထုတ်လွှင့်သွားမည့်အပြင် ပုဂ္ဂလိလရုပ်သံလိုင်းများအပါအဝင် (၁၂) လိုင်း ထပ်မံတိုးချဲ့၍ စုစုပေါင်းရုပ်သံလိုင်း (၁၉) လိုင်းဖြင့် ထုတ်လွှင့်သွားမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လက်ရှိထုတ်လွှင့်နေသည့် DVB T2 စနစ်တွင် HD Quality ဖြင့် MRTV DTH နှင့် MTRV-News ရုပ်သံလိုင်း (၂) လိုင်းကို ထုတ်လွှင့်နေရာမှ ဌာနပိုင်ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းများ အပါအဝင် (၉) လိုင်းတိုးချဲ့ပြီး HD Quality ရုပ်သံလိုင်း (၁၁) ဖြင့် အဆင့်မြှင့်တင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV DTH Platform တွင် ရုပ်သံလိုင်း (၇) လိုင်းအား ထည့်သွင်းထုတ်လွှင့်နေရာမှ ပုဂ္ဂလိကရုပ်သံလိုင်းများအပါအဝင် (၁၂) လိုင်းထပ်မံတိုးချဲ့၍ စုစုပေါင်း ရုပ်သံလိုင်း (၁၉) လိုင်းဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ အများပြည်သူများ အရုပ်၊ အသံ အရည်သွေးကောင်းမွန်သည့် အစီအစဉ်များကို ဖမ်းယူကြည့်ရှုနားဆင်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်း Analogue စနစ်ဖြင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံပေါင်း ၂၅၈ ရုံ ဖွင့်လှစ်ထားရှိပြီး မြန်မာ့အသံ FM ရေဒီယိုလွှင့်စက်များ တိုးချဲ့တပ်ဆင်ထားသည့် စက်ရုံပေါင်း ၈၅ ရုံ၊ Digital စနစ်ဖြင့် ထုတ်လွှင့်သည့် DVB T2 လွှင့်စက် တပ်ဆင်ထားသည့် စက်ရုံပေါင်း ၁၅၅ ရုံဖြင့် Analogue ရုပ်သံလိုင်းနှင့် Digital ရုပ်သံလိုင်းများကို အပြိုင်ထုတ်လွှင့်ပေးလျက်ရှိသည်။
ယခုအခါ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ ချုပ် ITU မှ CE 06 Agreement အရ အာရှပစိဖိတ်နိုင်ငံများအနေဖြင့် Analogue TV ထုတ်လွှင့်မှုရပ်ဆိုင်းခြင်း ASO လုပ်ငန်းစဉ်ကို သတ်မှတ်ထားရှိခြင်း၊ မြန်မာနိုင်ငံတွင် Digital ရုပ်သံလိုင်း (၁၈) လိုင်း ဖမ်းယူရရှိနေပြီဖြစ်ခြင်း၊ နိုင်ငံပိုင် DTH Platform မှလည်း Digital ရုပ်သံလိုင်းများ ထုတ်လွှင့်နေပြီဖြစ်ခြင်းတို့ကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Analogue နှင့် Digital စနစ်တို့ဖြင့် ထုတ်လွှင့်နေသော စက်ရုံများအနက် နေပြည်တော်(ပျဉ်းမနား)၊ ရန်ကုန်(ပြည်လမ်း)နှင့် မန္တလေးထပ်ဆင့်လွှင့်စက်ရုံ (၃) ရုံ၌ Analogue စနစ်ဖြင့် ရုပ်သံထုတ်လွှင့်ခြင်း ရပ်ဆိုင်းမှုအစီအစဉ် ASO ၏ ပထမအဆင့်အဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် စက်ရုံများကိုလည်း အဆင့်လိုက် ရပ်ဆိုင်းနိုင်ရေး စီစဉ်ဆောက်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။