၁၅. ၂. ၂၀၂၄
Written by Hey Mar
ရပ်ထားတဲ့ ကုန်တင်ယာဥ်နောက်ပိုင်းကို ဝင်တိုက်မိတဲ့ အတွက် ဆိုင်ကယ်မောင်းနင်သူ သေဆုံးခဲ့တဲ့ဖြစ်စဥ် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းပေါ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁၂နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က ဝမ်းတွင်းမြို့မြောက်ဘက် ၊ ရန်ကုန်-မန္တလေးကားလမ်းပေါ်ရပ်ထားတဲ့ တွဲကား ကုန်တင်ယာဥ်ရဲ့ နောက်ပိုင်းကို လားရာတူဘက်ကနေ မောင်းနှင်လာတဲ့ ဆိုင်ကယ်က အရှိန်နဲ့ ဝင်တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားမှာ ပြင်းထန်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသေဆုံးသူအမျိုးသားဟာ ဝမ်းတွင်းမြို့၊ သိမ်တော်လေးရပ်ကွက်မှာ နေထိုင်သူဖြစ်ကြောင်းသိရပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒေသခံသန္တိသုခလူမှုရေးအသင်းယာဥ်နဲ့ ဝမ်းတွင်းမြို့နယ်ပြည်သူဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ယာဥ်တိုက်မှုဖြစ်စဥ်ကို နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-သန္တိသုခလူမှုကူညီရေးအသင်း