၁၅. ၂. ၂၀၂၄
Written by Nyein Kyaw
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်၊ တားမြစ်၊ ပိတ်ပင်ထားခြင်း မရှိသော်လည်း လူငယ်များ တောထဲဝင်ပြီး အကြမ်းဖက်လမ်းစဉ်များ လုပ်ဆောင်လာစေရန် ပြည်ပရောက် Exile မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက ပူးပေါင်း၍ သတင်းအမှားများ ထုတ်လွှင့်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
“ပြည်ပထွက်ခွာခွင့်တွေနဲ့ ပတ်သက်ပြီး သီးခြားကန့်သတ်ပြီး ထုတ်ပြန်ထားတာ မရှိဘူးဆိုတဲ့ အကြောင်းကို ရှင်းလင်းစွာ အသိပေးလိုပါတယ်။ ဒါတွေဟာ ဘာနဲ့တူသလဲဆိုတော့ လူငယ်၊ လူရွယ်တွေ အပေါ်မှာ ပစ်မှတ်ထားပြီးတော့ တောထဲကို ရောက်အောင် လူငယ်၊ လူရွယ်တွေကို အကြမ်းဖက်လမ်းစဉ်ကို ရောက်အောင် ပြည်ဖျက်မီဒီယာများနဲ့ အကြမ်းဖက်အဖွဲ့တွေက လှုံ့ဆော်တိုက်တွန်းနေတာဖြစ်ပါတယ်။ သားကောင်ဖမ်းသလိုပါပဲ။ မီဒီယာတွေက သံပုံးတီးပေးတယ်။ ခြောက်လှန့်ပေးတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေက လာမယ့်လမ်းမှာ ပိုက်တားပြီးတော့ ဖမ်းတဲ့သဘောပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်နိုင်သည့် လူဦးရေမှာ အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်းရှိပြီး ၎င်းတို့အားလုံး တစ်ပြိုင်နက် စစ်မှုထမ်းရမည်မဟုတ်ဘဲ သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅,၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀,၀၀၀ ဝန်းကျင်သာ လျာထားခြင်းဖြစ်သည်။
“တစ်ရာခိုင်နှုန်းဆို ၁၃၀,၀၀၀ ရှိမယ်၊ သုည ဒသမ ၅ ရာခိုင်နှုန်းဆို လူဦးရေ ၆၅,၀၀၀ လောက်ရှိပါမယ်။ သုည ဒသမ ၅ ရာခိုင်နှုန်းလောက်တောင်မှပဲ စနစ်တကျ ခေါ်ယူလေ့ကျင့် သင်ကြားပေးဖို့ ခက်ခဲပါတယ်။ ဒါ့ထက် အောက်ကိုပဲ ခေါ်ယူရမှာဖြစ်တယ်။ ခေါ်ယူနိုင်မှာဖြစ်တယ်။ အဲဒီတော့ တစ်နှစ်မှာမှ လူဦးရေ ၂၀၀ မှာ တစ်ယောက်ပဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ပြည်တွင်း၌ ပညာသင်ကြားနေသူများ၊ နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ က တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်သည့် အခွင့်အရေးလည်းရှိနေခြင်းဖြစ်သည်။