၁၅. ၂. ၂၀၂၄
Written by Hey Mar
ဝန်ပေါ့ပေမယ့်နေရာအပြည့်ယူတင်ဆောင်လာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ခရီးသည်တင် Super custom ယာဥ်တို့ လမ်းသွယ်ထဲ အကွေ့မှာ တိုက်မိကြပြီး သုံးဘီးယာဥ်ပေါ်ပါ အမျိုးသားငယ်နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ဖေဖော်ဝါရီ ၁၅ ရက် ညနေ သုံးနာရီခန့်က မြစ်ကြီးနားမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်က မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ ပတ္တမြား ကုန်စုံဆိုင်အရှေ့လမ်းကြားထဲမှာ ဖြစ်ပွားခဲ့ပြီး သုံးဘီးဆိုင်ကယ်က ဘဲပေါက်တင်တဲ့ ခြင်းတွေ ဆိုင်ကယ်နောက်တွဲနဲ့ ခေါင်မိုးအပြည့် တင်လာတာပါ။ ခရီးသည်တင်ကားပေါ်မှာတော့ ခရီးသည်တွေ မပါရှိဘူးလို့ သိရပါတယ်။
“လူနာ နှစ်ဦးက အသက် ၁၉ နှစ်နဲ့ အသက် ၂၀အရွယ်တွေပါ။ တစ်ဦးက ပေါင်ထိသွားတယ်။ တစ်ဦးက နံရိုးထိသွားပုံရတယ်။ ဆေးရုံကို အချိန်မီတင်ပို့နိုင်ခဲ့ပေမယ့် ကုသနေရင်း တစ်ဦးဆုံးတယ်လို့ သိရပါတယ်” လို့ မြေပြင်အကူအညီပေးခဲ့တဲ့ မျိုးဆက်သစ်လူမှုကူညီရေးအသင်း( မြစ်ကြီးနား) မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။