၁၅.၂.၂၀၂၄
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ကဏန်းကျွန်းအရှေ့ဘက်ရေပြင်ရှိ ဝေယံဖြိုးဓနတိုး ကုမ္ပဏီပိုင် ဆီတင်ဗောတွင် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီကျော်က ကုန်တင်စက်လှေတစ်စင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စက်လှေပေါ်ရှိ လူ ၅ ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ကျွန်းစုမြို့နယ် သဘောင်းတောင်ကျေးရွာတွင် နေထိုင်သော အသက်၂၆ နှစ်အရွယ် အမျိုးသား မောင်းနှင်ပြီး တစ်ရွာတည်းနေ အမျိုးသား ၃ ဦး၊အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၃ ဦးတို့ လိုက်ပါလာသည့် အလျား ပေ ၆၀၊ အနံ ၁၀ ပေ၊ သစ်သားကိုယ်ထည်ဖြစ်သည့် လျှံဘုန်းနိုင်ကုန်တင်စက်လှေပေါ်ရှိ ဆီပီပါများသို့ ဓာတ်ဆီဖြည့်အပြီး ဆီပိုက်များ ဆွဲတင်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။
ဒဏ်ရာရရှိသူများမှာ ကျွန်းစုမြို့နယ် သဘောင်းတောင်ကျေးရွာတွင်နေထိုင်သော မောင်ဝေယံဖြိုး (၁၃)နှစ်၊ မောင်စိုးမင်းဦး (၁၄)နှစ်၊ ဦးဝင်းမိုး (၂၆)နှစ်၊ ဒေါ်ဖြူစင်ဦး (၂၄)နှစ်၊ ဒေါ်မြဦး (၅၆) နှစ် စုစုပေါင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ကလေးငယ် (ယောက်ျားလေး) နှစ်ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရှင်သန်ခြင်းလူမှုရေးအသင်းနှင့် စိတ္တသုခလူမှုရေးအသင်းရှိ လူနာတင်ယာဉ်များဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး ကုန်တင်စက်လှေပေါက်ကွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Photo – MOI)