၃. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
၂၀၂၁ ခုနှစ် သြဂုတ်လတွင် တာလီဘန်တို့၏ လက်အောက်သို့ အာဖဂန်နစ္စတန်နိုင်ငံ အလုံးစုံကျရောက်ခဲ့ပြီးနောက် နိုင်ငံအတွင်း မိဘများက အာဖဂန်မိန်းကလေးများအား အသက်ငယ်ငယ်နှင့်ပင် စောစီးစွာအိမ်ထောင်ချပေးမှုများ အထူးများပြားလာနေကြောင်း တွေ့ရှိရသည်။
လူ့အခွင့်အရေးသမားများနှင့် လှုပ်ရှားသူများက မိဘများအနေနှင့် ၎င်းတို့၏ သမီးမိန်းကလေးများအား ဤကဲ့သို့ စောစီးစွာအိမ်ထောင်ပြု၍ ကြင်ယာရှာပေးလိုက်ခြင်းက တာလီဘန်တို့အား အတင်းအကျပ် မယူမနေရ အိမ်ထောင်ပြုရခြင်းထက်ပို၍ကောင်းလိမ့်မည်ဟုယူဆကာ ဤသို့စောစီးစွာ အိမ်ထောင်ချပေးမှုများ တိုးတက်လာခြင်းဟု မှတ်ယူလျက်ရှိကြသည်။
ထို့ပြင် အာဖဂန်မိန်းကလေးများအား စောစီးစွာ အိမ်ထောင်ချပေးခြင်းနှင့် ၎င်းတို့အားကျောင်းတက်ခွင့် မပေးဘဲပိတ်ပင်မှုပြုထားခြင်းက နိုင်ငံအနေနှင့် လူ့အခွင့်အရေးအကျပ်အတည်းဖြစ်ကာ စီးပွားရေးပျက်ပြားမှုနှင့် ရင်ဆိုင်နေရချိန်တွင် မိဘများအဖို ကျွေးမွေးစောင့်ရှောက်စရိတ်သက်သာစေမည်ဟုလည်း သတင်းတစ်ပုဒ်ကဆိုသည်။
ဂိုလ်ပြည်နယ်အတွင်းမှ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ရှုခရီယာ ရှာဇေး က တာလီဘန်တို့ အာဏာရယူပြီးသည့်အချိန်မှစ၍ အာဖဂန်နစ္စတန်နိုင်ငံတွင် အတင်းအကျပ်လက်ထပ်စေမှုများနှင့် အရွယ်မရောက်သေးသည့်မိန်းကလေးများလက်ထပ်ရမှုများ အလျင်အမြန်တိုးပွားလာနေကြောင်း ပြောခဲ့သည်။
၎င်းက မိသားစုအတော်များများက သမီးဖြစ်သူများအား တာလီဘန်အဖွဲ့ဝင်များနှင့် အတင်းအကျပ်လက်ထပ်ရခြင်းကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်ကာ စောစီးစွာ အိမ်ထောင်ချပေးခဲ့ကြခြင်းဟု ပြောခဲ့သည်။
ဆက်လက်၍ ၎င်းက အတင်းအကျပ်လက်ထပ်စေခြင်းနှင့် အရွယ်မရောက်သေးသည့် မိန်းကလေးများအား လက်ထပ်စေခြင်းနှစ်မျိုးလုံးက မိသားစုများအတွင်း အကြမ်းဖက်မှုများနှင့် ဝရုန်းသုန်းကားဖြစ်မှုများအဖြစ် သတ်မှတ်ရမည်ဟုပြောခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တို့အာဏာရပြီးနောက် အမျိုးသမီးများ ကျောင်းမတက်ရ၊ အလုပ်မလုပ်ရ စသည်ဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများကို ပိတ်ပင်ထားသည်။
အမျိုးသမီးများ၏ အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ နာဇေ ကလည်း “ဒီလိုအာဖဂန်မိန်းကလေးတွေရဲ့ အနာဂတ်ကိုစဉ်းစားကြည့်စမ်းပါ။ ကျောင်းတွေပြန်ဖွင့်ဖို့လည်း မျှော်လင့်ချက်မရှိဘူး။ ဒီတော့သူတို့ဘဝမှာ မျှော်လင့်ချက်ရော၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ ပျောက်ဆုံးနေတယ်” ဟု ပြောကြားသွားသည်။
Ref—-The Times of India