၁၅. ၂. ၂၀၂၄
တင်ဆက်၊ တည်းဖြတ် – ဟေမာ
စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ ၂၂ ဘီး တွဲကားယာဥ်နဲ့ အိမ်စီး ပရိုဘောက် ယာဥ်ငယ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိရာက တွဲကားက ပရိုဘောက်ကို ကြိတ်မိတာကြောင့် ယာဥ်ပေါ်ပါ စီးနင်းလိုက်ပါလာသူ ခုနစ်ဦးစလုံး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘီးလင်း – ကျိုက်ကော်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၃၄ မိုင် ၇ ဖာလုံ၊ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်ဆိပ်လေးကျေးရွာ၊ ရွှေမိုးဓာတ်ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကြိတ်မိတဲ့ ယာဥ်ငယ်က သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာက ကားဖြစ်ကြောင်း ကနဦး စုံစမ်းသိရှိရပြီး ယာဥ်ပေါ်မှာ ယာဥ်မောင်းအပါအဝင် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး လိုက်ပါ စီးနင်းလာတယ်လို့ သိရပါတယ်။
လမ်းကျဥ်းမှာ ယာဥ်နှစ်စီးက လမ်းအပေါ်ကြောတွေက ယှဥ်မောင်းရာကနေ မျက်နှာချင်းဆိုင်တိုက်မိတဲ့ အခြေအနေလို့ သိရပြီး ယာဥ်ပေါ်ပါ သေဆုံးသူတွေထဲက ညနေ သုံးနာရီ ဝန်းကျင်ထိ ရုပ်အလောင်း သုံးဦးကိုသာ ထုတ်ယူနိုင်သေးပြီး ကျန်တဲ့ ရုပ်အလောင်းတွေက ခက်ရာခက်ဆစ် ထုတ်ယူရမှာမို့ ကားကြီးကို ကရိန်းနဲ့ ဖယ်ထုတ်မှ ရနိုင်မယ့် အခြေအနေလို့ မြေပြင်အကူအညီပေးနေတဲ့ ပီတိနှလုံးသား လူမှုကူညီရေးအသင်းက MT News ကို ပြောပါတယ်။
လက်ရှိမှာ အဆိုပါယာဥ်တိုက်မှု ဖြစ်ပွားတဲ့နေရာကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်တပ်ဖွဲ့ ၊ ကျိုက်ကော်မြို့နယ် မီးသတ်တပ်ဖွဲ့ တွေအပါအဝင် ဒေသခံပရဟိတ အသင်းတွေ ဖြစ်ကြတဲ့ မိုးကောင်း လူမှုကူညီရေးနဲ့ နာရေးကူညီမှုအသင်း၊ ပီတိနှလုံးသား လူမှုကူညီရေးနဲ့ နာရေးကူညီမှုအသင်းတို့က မြေပြင်ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေပြီး သယ်ထုတ်ရရှိတဲ့ ရုပ်အလောင်းတွေကို ဘီးလင်းပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
#ဘီးလင်း #ကျိုက်ကော် #မွန် #ယာဥ်တိုက်မှု
#mtnews #myanmar_transparency_news