October 28, 2024

၁၅.၂.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် အနိုင်ရရှိလို့ သမ္မတအဖြစ်ဆက်လက်ရပ်တည်မယ်ဆိုရင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် အနိုင်ရရှိလို့ သမ္မတဖြစ်လာတာထက် ရုရှားနိုင်ငံအတွက် ပိုလို့ကောင်းမှာဖြစ် တယ်လို့ သူ့အနေနဲ့ယူဆတယ်လို့ ရုရှားသမ္မတ ပူတင်က ရုရှားအစိုးရကိုထောက်ခံတဲ့ သတင်းစာဆရာ ပါဇယ် ဇာရူဘင်နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ဆုံမေးမြန်းမှုမှာ ပြောခဲ့ပါတယ်။

ဇာရူဘင်က အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ သမ္မတပူတင်က ဂျိုးဘိုင်ဒန်က ပို၍ အတွေ့ အကြုံရှိသော၊ ပို၍ခန့်မှန်းသုံးသပ်မှုပြုနိုင်သော နိုင်ငံရေးသမားတစ်ဦးလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ပူတင်က အမေရိကန်လူထုရဲ့ ယုံကြည်ကိုးစားမှုကိုရလို့ သမ္မတဖြစ်လာတယ်ဆိုရင် ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ရုရှားအနေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ပူတင်က ယူကရိန်းနဲ့ရုရှားအကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်လို့ပြောကြားရာမှာ လက်ရှိ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကတော့ အလွန့်အလွန်မှားယွင်းနေပြီး အန္တရာယ်ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ ပူတင်က တကယ်လို့သာ ၂၀၂၂ ခုနှစ် မတ်လက အစ္စတန်ဘူလ်မှာ သဘောတူညီချက်တွေ ရနိုင်ခဲ့ကြရင် ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်ကတည်းက စစ်ပွဲကပြီးနေပါပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လို သဘောတူညီချက်တွေလဲဆိုတာတော့ ပူတင်က မပြောခဲ့ပါဘူး။

ဒါ့ပြင် မစ္စတာပူတင်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင်ကာလတွေမှာ ရုရှားအနေနဲ့ ယူကရိန်းအပေါ် စစ်ရေးအရတိုက်ခိုက်မှုစတင်မပြုခဲ့သေးဘဲ၊ အနောက်အုပ်စုခေါင်းဆောင်တွေကသာ နေတိုးအနေနဲ့ အရှေ့ဘက်ထိအင်အားတိုးချဲ့မလို့မဟုတ်ပါဘူးလို့ ရုရှားကိုလိမ်ညာကာ ယူကရိန်းကိုနေတိုးထဲ ဆွဲသွင်းကြဖို့ကြိုးစားလာခဲ့ကြလို့ စစ်ပွဲဖြစ်ပွားရမှုအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောခဲ့ပါသေးတယ်။ ဆက်လက်ပြီး ပူတင်က နေတိုးထဲကို ယူကရိန်းနိုင်ငံ ဝင်မယ်ဆိုရင် ရုရှားနိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်မှုတွေရှိလာမှာဖြစ်လို့ ဒီအတွက်စိုးရိမ်မိတာလို့ ပြောခဲ့ပါတယ်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *