October 28, 2024

၁၅. ၂. ၂၀၂၄
Written by Nyein Kyaw

အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဂိတ်များ အားလုံးကို ယခင်အတိုင်း ဥပဒေနှင့်အညီ ဝင်/ထွက်ခွင့် ပြုထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်ပထွက်ခွာခွင့်များအား မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန်ထားခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ပြီးနောက် မီဒီယာအချို့နှင့် လူမှုကွန်ရက်စာမျက်နှာအချို့တို့တွင် ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များနှင့် သတ်သက်၍ တားဆီးပိတ်ပင်နေသည်ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ်နေခြင်းကြောင့် ဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်လည်ဖြေရှင်းထားခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တားဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ထွက်ဂိတ်များမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပ‌ဒေနှင့်အညီ စနစ်တကျ ဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်ပထွက်ခွာခွင့်များနှင့် ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန်ဆောင်ရွက်ထားခြင်းမရှိကြောင်း အသိပေးကြေညာထားသည်။

ပြည့်သူ့စစ်မှုထမ်းဥပ‌ဒေအရ စစ်မှုထမ်းရန် အကျုံးဝင်သူအားလုံး တစ်ပြိုင်နက် စစ်မှုထမ်းရမည်မဟုတ်ဘဲ အပတ်စဉ် တစ်ခုလျှင် အင်အား ၅,၀၀၀ သာ ပါဝင်မည်ဖြစ်သည့်အပြင် အမျိုးသမီးများမှာ အပတ်စဉ် ၅ မှသာ စတင် သင်တန်းတက်ရောက်မည်ဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌ ပညာသင်ကြားနေသူများ၊ နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ က တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်း‌ဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်သည့် အခွင့်အရေးလည်းရှိနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *