October 28, 2024

၁၅. ၂. ၂၀၂၄
Written by Nay Moe

ဖေဖော်ဝါရီ ၁၂ ရက်က ကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ငါးဦးအပါအဝင် ပြည်သူ ၈ ဦးဟာ PDF တို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်တွေက ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဝက်တဲကွေ့အနီး ကျေးရွာချင်းဆက်လမ်းဘေးမှာ ရွှေပေါက်ပင်ကျေးရွာနေထိုင်တဲ့ ဦးမောင်မောင်အိ (၄၅)နှစ်၊ ကိုသူ (၃၀)နှစ်နဲ့ ကိုဇော်တို့ဟာ ကံပေါ်ကျေးရွာကနေ ရွှေပေါက်ပင်ကျေးရွာကို ထော်လာဂျီနဲ့ ပြန်လာချိန် နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာတဲ့ PDF နှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားလို့ ဦးမောင်မောင်အိက ဝဲဘက်နားနဲ့ လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာရရှိ သေဆုံးသွားခဲ့ပြီး ကိုသူကတော့ ယာဘက်ရင်အုံနဲ့ လက်မောင်း ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့လို့ ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေကြာအင်း (၁)ရပ်ကွက်မှာ ပျဉ်းချောင်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း (၄၅) နှစ်နဲ့ ဆယ်အိမ်မှူးတွေဖြစ်တဲ့ ဦးအောင်ထွန်း(၄၆)နှစ်နဲ့ ဦးမြင့်ဇော် (၄၆)နှစ်တို့ဟာ ပျဉ်းချောင်းကျေးရွာကနေ တောင်တွင်းကြီးမြို့ကို သွားရောက်ချိန် ရခိုင်ဘုရားကြီးဝင်းအတွင်းရှိ နီလာထမင်းဆိုင်ရှေ့အရာက် PDF နှစ်ဦး(စိစစ်ဆဲ)က သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့လို့ သုံးဦးစလုံး ကျည်ဖောက်ဝင်ဒဏ်ရာ တွေနဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် နေ့လယ် ၃ နာရီ ၂၅ မိနစ်မှာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာ နတ်စင်မှာ ရာအိမ်မှူးဦးဆန်းဝင်းနိုင်(၄၅)နှစ်ဟာ ရိုးရာနတ်ပွဲကြည့်ရှုနေချိန် PDF တစ်ဦးက သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ဦးဆန်းဝင်းနိုင်ဟာ ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့တဲ့အပြင် တစ်ရွာတည်းနေ ဒေါ်ဌေးဌေးခိုင်(၄၈)နှစ်မှာလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာကြောင့်ဝေါမြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ရပါတယ်။

အထက်ပါဖြစ်စဉ်တွေအပြင် ည ၇ နာရီ ၃၅ မိနစ်မှာလည်း မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး(ခ)ဦးသာဌေး(၅၀)နှစ်ဟာ မိသားစုနဲ့အတူ နေအိမ်မှာရှိနေချိန် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး ဦးခင်မောင်ဌေး(ခ)ဦးသာဌေးနဲ့ ဇနီးဖြစ်သူ ဒေါ်ယု(၅၃)နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး နေအိမ်ခြံဝင်းအပေါက်ဝမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့လို့ ဦးခင်မောင်ဌေး (ခ)ဦးသာဌေးဟာ ဝဲဘက်ပါးရိုးအောက် ကျည်ဖောက်ဝင်ပြီး နောက်စေ့ယာဘက်ကို ကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *