၁၅.၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်အတွင်း ကျောက်ဖရားမြစ်ကို ဖြတ်၍တည်ဆောက်ထားသော ရာမ IX ကြိုးတံတားကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၄ ရက်၊ မွန်းလွဲပိုင်း၌ ချစ်သူစုံတွဲ ၁၁၁ တွဲတို့က ချစ်သူများနေ့အထိမ်းအမှတ် ၎င်းတို့၏တရားဝင်လက်ထပ်မင်္ဂလာ မှတ်ပုံတင်ပွဲကို ကျင်းပခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အမြန်လမ်းအာဏာပိုင်အဖွဲ့အုပ်ချုပ်ရေးမှူး ဆာရာချတ်လောဖူလ်ဆပ်ခ်က တံတားကြီးတွင် Luck Lock Love အမည်ရှိ ထိုပွဲတော်ကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဖိတ်ကြားထားသော ပရိသတ်လူထုကလည်း တံတားပေါ်တွင် ပြုလုပ်မည့် ပွဲတော်အခမ်းအနားများတွင် ပါဝင်ဆင်နွှဲရန် တက်ရောက်ခဲ့ကြသည်။
ပွဲတော်၌ အဓိကအားဖြင့် ချစ်သူစုံတွဲ ၁၁၁ တွဲ၏ လက်ထပ်မင်္ဂလာမှတ်ပုံတင်ပွဲကို တံတားကြီးပေါ်တွင် ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက တည်ထောင်မှု ၁၁၁ နှစ်ရှိသည်ကို ဂုဏ်ပြုသောအားဖြင့်လည်း ချစ်သူစုံတွဲအရေ အတွက် ၁၁၁ တွဲ၏ လက်ထပ်ပွဲကို ပြုလုပ်ခဲ့ခြင်းဟုလည်း သိရသည်။ စုံတွဲများအနေဖြင့်လည်း ထိုင်းနိုင်ငံတွင် အွန်လိုင်းစိန်ရောင်းဝယ်သော Jubilee Diamond ကုမ္ပဏီမှချီးမြှင့်မည့် တန်ဖိုးအားဖြင့် ဘတ် ၂၀၀,၀၀၀ ကျော်တန်သည့် စိန်လက်ဝတ်ရတနာကို ကံထူးရှင်အဖြစ် ကံစမ်းနိုင်ကြမည်ဖြစ်သည်။
ဆာရာချတ်က လက်ထပ်ပြီးစ စုံတွဲများအနေဖြင့် တံတားသစ်ကြီးပေါ်တွင် အတူတကွလက်တွဲမဖြုတ်ဘဲ လမ်းလျှောက်ကြခြင်းက ကောင်းမွန်သာယာသော အနာဂတ်ဆီသို့ လျှောက်လှမ်းကြခြင်းကဲ့သို့ ဖြစ်စေမည်ဟုဆိုခဲ့သည်။ ထို့ပြင် ၎င်းက မြစ်ပေါ်၌ဖြတ်တည်ဆောက်ထားသော တံတားကြီးပေါ်တွင် ရေပြင်ကလည်း ၎င်းတို့အတွက် အအေးဓာတ်ဆောင်စေမည်ဖြစ်ကာ ဘဝကို ပြုစုပျိုးထောင်ခြင်းအမှတ်လက္ခဏာဟုဆိုခဲ့သည်။ အမြန်လမ်းမကြီးပေါ်တွင် လျှောက်လှမ်းကာတိုက်ခတ်နေသောလေကို ရင်ဆိုင်မတ်မတ် ရပ်နေကြခြင်းကလည်း စုံတွဲများအတွက် မယိမ်းယိုင်သောဆုံးဖြတ်ချက်၊ အတားအဆီးများကို ခံနိုင်ရည်ရှိမှု စသည့် အမှတ်သညာခွန်အားတို့ကို ဖြစ်စေမည်ဟု ပြောခဲ့သည်။
အဆိုပါကြိုးတံတားကြီးက ကျောက်ဖရားမြို့ကိုဖြတ်၍ တည်ဆောက်ထားသော တံတားကြီးများအနက် နောက်ဆုံးဖြစ်ကာ ၄၂ မီတာကျယ်ပြီး လာမည့်ဇူလိုင်လတွင် အများပြည်သူသို့ ဖွင့်လှစ်ပေးကာ ၂၀၂၅ ခုနှစ်လယ်ခန့်တွင် တရားဝင်ဖွင့်လှစ်သွားမည်ဟုဆိုသည်။
Luck Lock Love ပွဲတော် အခမ်းအနားများကို ဖေဖော်ဝါရီ ၁၈ ရက် ညနေအထိ နေ့စဉ် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိကျင်းပသွားမည်ဖြစ်သည်။ ထို့နောက် ပွဲတော်ကို ခေတ္တရပ်နား၍ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုအချိန်အတိုင်း ကျင်းပသွားမည်ဟုဆိုသည်။
Ref-Nation Thailand