၃. ၁၂. ၂၀၂၂
Written by Pan Ei
အမေဇုန်ဒေသတွင် သစ်တောပြုန်းတီးမှုဧရိယာသည် စတုရန်းကီလိုမီတာ ၁ ဒသမ ၂၅ သန်းအထိရှိခဲ့ပြီး ၁၉၈၅ ခုနှစ်မှစ၍ နှစ် ၄၀ အတွင်း အလေ့ကျပေါက်သည့် အပင်များနှင့် အပူပိုင်းမိုးသစ်တောများ၏ ၁၀ ရာခိုင်နှုန်းခန့် ဆုံးရှုးခဲ့ကာ အပူပိုင်းဒေသရှိ ရေခဲမြစ်များသည်လည်း ၄၆ ရာခိုင်နှုန်းခန့် အရည်ပျော်ခဲ့သည်ဟု အစီရင်ခံစာများအရ သိရသည်။
၁၉၈၅ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း သစ်တောပြုန်းတီးသည့်ဧရိယာသည် စတုရန်းကီလိုမီတာ ၄၉၀,၀၀၀ မှ ၁,၂၅၀,၀၀၀၀ စတုရန်းကီလိုမီတာအထိ တိုးလာကာ အမေဇုန်ဒေသတွင် မကြုံစဖူးပျက်စီးခြင်းမျိုးဖြစ်သည်ဟု အမေဇုန်ဒေသ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်ဌာန RAISG ၏ ဒီဇင်ဘာ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ကိန်းဂဏန်းများကို ၁၉၈၅ ခုနှစ်မှစ၍ နှစ်စဉ် ဂြိုလ်တုစောင့်ကြည့်မှုမှ တွက်ချက်ထားခြင်းဖြစ်ပြီး ဤပျက်စီးခြင်း၏ အတိုင်းအတာသည် နိုင်ငံတစ်ခုနှင့် တစ်ခု သိသိသာသာ ကွဲပြားသည်။ ဆူရီနမ်၊ ဂိုင်ယာနာနှင့် ပြင်သစ်နိုင်ငံတို့သည် ၃၆ နှစ်တာကာလအတွင်း ၎င်းတို့၏ အမေဇုန်သစ်တောဖုံးလွှမ်းမှုသည် ၁.၆ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ပြီး အမေဇုန်ဒေသ၏ သုံးပုံနှစ်ပုံခန့်ကို ပိုင်ဆိုင်ထားသည့် ဘရာဇီးနိုင်ငံ၌ အသားတင်ဆုံးရှုံးမှုမှာ ၁၉ ရာခိုင်နှုန်းဖြစ်သည်။ ဘရာဇီးနိုင်ငံတွင် အဓိကအားဖြင့် လမ်းများဖောက်လုပ်ခြင်းနှင့် ကျွဲနွားမွေးမြူရေးခြံများ တိုးချဲ့လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
အမေဇုန်အရှေ့ပိုင်းဒေသ ပျက်စီးမှုကြောင့် ကမ္ဘာမြေအတွက် ကာဗွန်စုပ်ယူမှုများ လျော့နည်းလာခဲ့ကာ ကာဗွန်ထုတ်လွှတ်မှုများ ယခင်ကထက်ပိုမို များပြားလာခဲ့ကြောင်း Nature ဂျာနယ် ၌ ထုတ်ပြန်ခဲ့သည့် ဖော်ပြချက်အရ သိရသည်။ ဘရာဇီးနိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု တစ်ဝက်နီးပါးသည်လည်း သစ်တောပြုန်းတီးမှုကြောင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဆုံးရှုံးမှုများသည် ကြီးမားပြီး ပြန်မရနိုင်သည့် မျှော်လင့်ချက်မရှိသော ဆုံးရှုံးမှုများဖြစ်ကာ ဤအချက်အလက်များသည် အဝါရောင်အဆင့်ဖြစ်သည်ဟု အချက်ပြနေသလို နိုင်ငံတကာအတွင်း ညှိနှိုင်းမှုများနှင့် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများ လိုအပ်နေသည်” ဟု RAISG မှ ပြောကြားခဲ့သည်။
Ref; SBS News