October 18, 2024

၁၅. ၂. ၂၀၂၄
Written by Thettant

မြန်မာ့ဘောလုံးသမိုင်း ရွှေခေတ်၊ ငွေခေတ်ပြီးရင် ပရိတ်သတ် ချစ်ခင်အားပေးမှုအများဆုံးရရှိထားတဲ့ လက်ရွေးစင်ကစား သမား ကြည်လင်းဟာ အနားယူနေရာက အံအားသင့်ဖွယ် ရခိုင်ယူနိုက်တက်အသင်းနဲ့ လက်တွဲစာချုပ်လိုက်ပြီ ဖြစ်ပါတယ်။

အပြင်မှာအနေအေးပြီး ကွင်းထဲရောက်တာနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့စိတ်ရှိသူ ကြည်လင်းကို ၁၉၉၂ ခုနှစ် စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့မှာမွေးဖွားပြီး အရပ် ၅ ပေခွဲရှိတဲ့ အလယ်တန်း ကစားသမားဖြစ်ပါတယ်။ သူဟာ “Goal.com Reader’s Choice Of The Years 2012” Asia Best XI ဆုရရှိထားသူဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းကို MNL ဖလား ၂ ကြိမ် ရယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်ကစတင်ပြီး U17, U23 စတဲ့ သက်တမ်းအလိုက်နဲ့ မြန်မာ့လက်ရွေးစင်အသင်းကြီးတို့မှာ အနားမယူခင်အထိ ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက်ဖြစ်ပါတယ်။ ယခင်ဝန်ကြီးဌာနအသင်းခေတ်က Air Bagan (ရန်ကုန်ယူနိုက်တက်) မှာ ၁၀ နှစ်ကြာ ကစားရင်း ၂၀၂၀ ဘောလုံးရာသီပြီးဆုံးလုနီးအချိန် ဒဏ်ရာပြဿနာကြောင့် ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဘဝက အနားယူလိုက်ပါတယ်။

လက်ရှိမှာ ဒဏ်ရာပြဿနာကင်းရှင်းပြီး 2023 League 2 ချန်ပီယံ ရန်ကုန်ဂလက်စီအသင်းနဲ့ မြန်မာ့ဘောလုံးလောကကို ပြန်လည် ခြေချတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကြည်လင်းဟာ အံ့အားသင့်ဖွယ် ရခိုင်ယူနိုက်တက်အသင်းကြီးနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ စာချုပ်လိုက်ပြီ ဖြစ်ပါတယ်။

ပြည်သူ့အချစ်တော် ကြည်လင်းဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ အထိ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် (၄၂) ပွဲ ကစားပေးထားပြီး ၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ရာသီသစ်အတွက် ပြင်ဆင်မှုအားကောင်းနေတဲ့ ရခိုင်ယူနိုက်တက်ဟာ အာဖရိကမော်ရင်ဟိုလို့နာမည်ကြီးတဲ့နည်းပြ ပေါ်လိုဂျော့ချ်ဆေးဗားလ်၊ ကျော်ကိုကို၊ သီဟထက်အောင်၊ ယခင် ရှမ်းယူနိုက်တက်နောက်ခံလူ အိုင်ဗရီကို့စ်နိုင်ငံသား Kekere Moukailou နဲ့ အလယ်တန်း၊ နောက်တန်း ဘက်စုံကစားတတ်တဲ့ ကင်မရွန်း လူငယ်လက်ရွေးစင် Effa Alexisi Smael တို့ကို ခေါ်ယူထားတဲ့အပြင် လက်ရွေးစင်ကစားသမား ကောင်းစည်သူကိုလည်း တစ်နှစ် စာချုပ်ခဲ့ပါတယ်။

Ref, Rakhine United Football Club

Leave a Reply

Your email address will not be published. Required fields are marked *