October 20, 2024

၁၅. ၂. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်၊ ​၈ ရက်မှာဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်နဲ့ နိုင်ငံဝန်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စုစုပေါင်း လူဦးရေ ၉၀၀ ကျော်သေဆုံးရပြီး စစ်ရေယာဥ်သုံးစီးနစ်မြုပ်မှုဖြစ်စဥ်မှာ ဗိုလ်မှူးချုပ်တစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ AA လက်နက်ကိုင်အဖွဲ့က ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။

AA လက်နက်ကိုင်အဖွဲ့ဟာ ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒုဗိုလ်မှူးကြီးညီညီဝင်းကို ဦးခေါင်းနဲ့ ရင်ဘတ် ဒဏ်ရာတွေနဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး လက်ရှိမှာ ကျန်းမာနေပြီဖြစ်ပေမဲ့ တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းကိုတော့ ဖေဖော်ဝါရီ (၇) ရက်နေ့က ဖြစ်ခဲ့တဲ့ မြောက်ဦး ခမရ (၃၇၇) တိုက်ပွဲအတွင်း အသေဖမ်းမိခဲ့တယ်ဆိုပါတယ်။ ဒီလိုပဲ ပလက်ဝဒေသထိုးစစ်အတွင်း နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲ ကာလမှာ သေနတ်ဒဏ်ရာတွေနဲ့ အသေဖမ်းမိခဲ့တယ် ပြောပါတယ်။

ဒါ့အပြင် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း ဖေဖော်ဝါရီ ၇ ရက် ၈ ရက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိခဲ့ပေမဲ့ ပလက်ဝဒေသအခြေစိုက်၊ အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်တဲ့ စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကတော့ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ လွတ်မြောက်သွားလားဆိုတာတွေ အခုအချိန်အထိ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်၊ ပလက်ဝဒေသအတွင်း တိုက်ပွဲတွေက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ သုံးလပြည့်လို့ လေးလအတွင်း စတင်ဝင်ရောက်လာခဲ့ပြီး ဒီကာလအတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ပေါက်တော၊ ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦးမြို့တွေက လုံခြုံရေးစခန်းတွေအားလုံး၊ ဘူးသီးတောင်နဲ့ မောင်တောက နယ်ခြားစောင့်တပ်စခန်းပေါင်းမြောက်မြားစွာနဲ့ ရမ်းဗြဲမြို့နဲ့ အခြားမြို့အချို့က ရဲစခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိထားပြီး ထိုးစစ်ဆက်လက်ဆင်နွှဲနေတယ်လို့လည်း AA က ပြောပါတယ်။

ပုံစာ။ AA က အသေ/ အရှင်ဖမ်းမိသည်ဆိုကာ ထုတ်ပြန်ထားသော တပ်မတော်အရာရှိကြီးများမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *